( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ကော့ပနောကျေးရွာတွင် ဆောက်လုပ်လည်ပတ်နေသည့် MCL (Mawlamyine Cement Limited )ဘိလပ်မြေစက်ရုံ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ ။ ။ ကျိုက်မရောမြို့နယ်ရှိ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံ ကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်မှုကို ကန့်ကွက်ကြောင်း မွန်အမျိုးသား ပါတီ ကထုတ်ပြန် ကြေညာ သည်။

MCL

“ကျောက်မီးသွေးသုံးတဲ့ စက်ရုံဆိုတာက တကယ်တော့ ဘိလပ်မြေစက်ရုံတွေကို ပြောတာဖြစ်ပါတယ်၊ ဘိလပ်မြေစက်ရုံအနေနဲ့ အရင်က လျှပ်စစ် ဒါမှမဟုတ် ဂတ်စ်နဲ့ သုံးမယ်လို့ပြောထားတာဖြစ်ပေမယ့် အခုကျတော့ ကျောက်မီးသွေးသုံးမယ်လို့ဆိုတယ်၊ ကျောက်မီးသွေးဆိုတာက တစ်ကမ္ဘာလုံးက ဆန့်ကျင် ကန့်ကွက်ထားတဲ့ အရာဖြစ်ပြီး မြန်မာပြည်သူတွေ အတွက်လည်း နစ်နာမှုတွေရှိလာမှာ ဖြစ်ပါတယ်” ဟု မွန်အမျိုးသားပါတီ၏ အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောကြားသည်။

အဆိုပါ စက်ရုံကြောင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာပေါင်း (၁ဝဝ) နီးပါး ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်လာမည့် ဓါတုအဆိပ်ငွေ့ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က အခု ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေတာ မဟုတ်ပါဘူး၊ ဘိလပ်မြေ ဖြစ်ပေါ်ဖို့ ကျောက်မီး သွေးကို သုံးတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးအတွက် ကာကွယ်နေတာဖြစ်တယ်” ဟု နိုင်စိုးမြင့်က ဆက်လက်ပြောသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအတွင်းမှ သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှု၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန် စေမှု၊ သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှူံးစေမှု၊ ဒေသခံများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်စေမှုတို့ကို ဖြစ်ပေါ်စေသော ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား ထုတ်ယူရန်လုပ်ဆောင်နေမှုသည် လက်သင့်မခံနိုင်သော လုပ်ရပ်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“စက်ရုံတွေ ဘက်ကနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းအောင် ဘယ်လိုပဲလုပ်လုပ် ကျောက်မီး သွေးနဲ့ ပတ်သက်လာရင် အစဉ်အမြဲကန့်ကွက်သွားပါမယ်”ဟု မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ကွန်ယက်မှ ကိုဘိုဘိုဝင်းက ပြောသည်။

ကျိုက်မရောမြို့နယ် အတွင်း၌ တည်ဆောက်ထားသော ကျောက်မီးသွေးစက်ရုံများနှင့် ပတ်သက်ပြီး ကြုံ တွေ့လာနိုင်မည့် ဆိုးကျိုးဘေးအန္တရာယ်များအကြောင်းကို စက်ရုံအနီးအနားရှိ နိတုံကျေးရွာနှင့် ကော့ဒွန်း၊ ကော့ပနောကျေးရွာများတွင် ဆွေးနွေးပြောဆိုမှုများ ဆက်လက်ပြုလုပ်သွားရန် အစီအစဉ်များလည်းရှိကြောင်း နိုင်စိုးမြင့်က ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းလည်ပတ်နေသည့် စက်ရုံများအနက်မှ MCL ဘိလပ်မြေစက်ရုံ အနေဖြင့် အစိုးရ ဆီမှ လျှပ်စစ်ဓာတ်အားရယူရန်အတွက် ကနဦးက ရွေးချယ်ခဲ့သော်လည်း အဆင်မပြေမှု များစွာရှိသည့် အတွက်ကြောင့် ကျောက်မီးသွေးကိုရွေးချယ်ခဲ့ရခြင်းဖြစ်ပြီး အစိုးရဖက်မှ လျှပ်စစ်ဓာတ်အား ပေးရန်ကမ်းလှမ်းမှုများ ရှိလာပါက အချိန်မရွေး ကြိုဆိုနေမည်ဖြစ်ကြောင်း MCL ဘိလပ်မြေစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဝီဂျစ်ထီရာစာယွန်က ပြောသည်။

ကျိုက်မရောမြို့နယ်ရှိ တစ်ရက် တန် (၅ဝဝဝ) ကျ MCL ဘိလပ်မြေစက်ရုံကို လျှပ်စစ်ဓာတ်အား ၅၉ မဂ္ဂါဝပ်ဖြင့် လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

Leave a Reply