( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ကော့ပနောကျေးရွာတွင် ဆောက်လုပ်လည်ပတ်နေသည့် MCL (Mawlamyine Cement Limited )ဘိလပ်မြေစက်ရုံ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာတွင် ဆောက်လုပ်နေသော MCL ဘိလပ်မြေစက်ရုံ (Mawlayine Cement Limited) ကိုကျောက်မီးသွေးသုံးလျှပ်စစ် ဖြင့်လည်ပတ်မည့် ကိစ္စကို နိုင်ငံတော် သမ္မတ ဦးသိန်း စိန် ထံ ကန့်ကွက်စာပေးပို့ မည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အရပ်ဖက်အဖွဲ့အစည်း မှ ဦးဘိုဘိုဝင်း ကပြောကြားသည်။

MCL
အဆိုပါ ကျောက်မီးသွေးဓါတ်အားပေးရုံ တည်ဆောက်ပြီး ဘိလပ်မြေစက်ရုံ လည်ပတ်မည့် ကိစ္စ ကန့်ကွက် ကြောင်း စာပို့ရန်အတွက် ဒေသခံ များ ထံမှ လက်မှတ်များ ကောက်ယူနေ ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကောပနော့ကျေးရွာ၊ ကောဒူးကျေးရွာနှင့် ကောပနက်ကျေးရွာ တို့တွင် ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ ကျိုးက်မရော မြို့နယ်အရပ်ဖက်အဖွဲ့ အစည်း က ကောက်ခံနေခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

“ကန့်ကွက်မယ့် လက်မှတ်တွေကို ကော့ပနောဆရာတော်အပါအဝင် ဒေသခံများနှင့် ပူးပေါင်းကောက်နေတယ်၊ လက်မှတ် ၅၀၀ ကျော် ပဲရသေးတယ်၊ လက်မှတ်များများ ရရှိအောင် ထပ်ကောက်ခံသွားမယ်” ဟု၎င်းက ဆိုသည်။

MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးကို ဆက်လက်အသုံးပြုပြီး စက်ရုံလည်ပတ်နေပါက ဆန္ဒပြတောင်း ဆိုမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို သိရှိရေးအတွက် ကျိုက်မရောမြို့နယ် သံဃာအပါး ၂၀ နှင့် ဒေသခံအဖွဲ့များက လက်မှတ်ကောက်ခံနေတာ ကြားရလို့ ကျွန်တော်တို့ ပါတီကလည်း ပါဝင်ကူညီသွားမယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမားက ပြောသည်။

လက်ရှိအချိန်တွင် MCL ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဝိုင်းဝန်း စုဆောင်းနေပြီး မွန်ပြည်မယ်အစိုးရ အဖွဲ့ကိုပါ ကန့်ကွက်လွှာတင်ရန် တိုက်တွန်းသွားမည် ဟု ၎င်းက ဆိုသည်။

MCL (Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံကို အစိုးရက လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် မပေးသောကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် ပြီး စက်ရုံလည်ပတ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း MCL စက်ရုံအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဝီဂျစ်ထီရာစာယွန်က ပြောကြားထားသည်။

Leave a Reply