ကျိုက်မရောမြို့နယ်၊ ကောပနော ကျေးရွာတွင် တည်ဆောက်ထားသော MCL ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေး အသုံးပြုမှုကို စောင့်ကြည်ရန် လေ့လာရေးစောင်ကြည့်ရေးအဖွဲ့တွင် ပါဝင်သွားမည်မဟုတ်ကြောင်း ကျောက်မီးသွေး အသုံးပြုခြင်းကို ကန့်ကွက်နေကြသည့် ဒေသခံများက ပြောကြားသည်။

ဒေသခံများက လေ့လာစောင့်ကြည့်ရေအဖွဲ့တွင် ပါဝင်လိုက်ခြင်းသည် ကျောက်မီးသွေး အသုံးပြုမှုကို လက်ခံရာ ရောက်သွားနိုင်သည့်အတွက်ကြောင့် ပါဝင်ရန် ငြင်းဆိုရခြင်းဖြစ်ကြောင်း ကျောက်မီးသွေး အသုံးပြုခြင်းကို ကန့်ကွက်သူ ကဒုံစိကျေးရွာမှ နိုင်မစ်က ပြောဆိုသည်။

“ဒီအဖွဲ့ထဲမှာ ကျွန်တော်တို့ လုံးဝမပါဝင် ပါဘူူး၊ ကျောက်မီးကို ဆက်လက် အသုံးပြုနေမယ်ဆိုရင် ဒေသခံဘက်က ဆက်ပြီး ဆန္ဒဖော်ထုတ်သွားမယ် အပြင်းထန် ကန့်ကွက်မယ်”ဟု နိုင်မစ်က ပြောသည်။

လေ့လောစောင့်ကြည့်ရေးအဖွဲ့တွင် ဒေသခံများအနေဖြင့် ပါဝင်လိုက်ခြင်းကြောင့် ကျောက်မီးသွေးမှ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို သံသယရှိပါက တရားဝင် ဝင်ရောက် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်က ပြောသည်။

 “ဒီအဖွဲ့မှာ သူတို့တွေက ပါဝင်လိုက်လို့ရှိရင် သွားစစ်တဲ့အခါကျရင် သူတို့ မြင်တာတွေကို ပြည်နယ်အစိုးရကို တိုက်ရိုက် တင်လို့ရတယ်၊ ဥပမာ ပတ်ဝန်းကျင်မှာ ငါးတွေ သေတာက အစပေါ့”ဟု ၎င်းက ဆိုသည်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ၊ ကုမ္ပဏီရှိ တာဝန်ရှိသူများနှင့် ဒေသခံများက ရွေးချယ်သည့် သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်း ပညာရှင်များဖြင့် ဖွဲ့စည်းသွားရန်အတွက် မတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့် ပြည်နယ် အစိုးရအဖွဲ့ ကပ်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်က ပြောကြားသည်။

စက်ရုံအနေဖြင့် ကျောက်မီးသွေးအစား လျှပ်စစ်ဓာတ်အားဖြင့် ပြောင်းလဲ လည်ပတ်ပါက ဘိလပ်မြေထုတ်လုပ်မှုကို သဘောတူပေးနိုင်ကြောင်း ကျောက်မီးသွေး အသုံးပြုခြင်းကို ကန့်ကွက်သူ မဲကရိုကျေးရွာမှ နိုင်ရွှေဝင်းက ပြောသည်။

MCL ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေး အသုံးပြုလည်ပတ်နေမှုကို ရပ်နားပေးရန် ဒေသခံများက နှစ်ကြိမ် တိုင်တိုင် ဆန္ဒပြ တောင်းဆိုထားသည်။

written by – အဂ္ဂနန်

Leave a Reply