News Federal Times

မန္တလေး၊ မေ ၃၁ ရက် ။       ။ မန္တလေးတိုင်းဒေသကြီး၌ လက်ရှိအစိုးရသစ်ကာလတွင် တင်ဒါလုပ်ငန်းများအား စနစ်တကျလုပ်ဆောင်မှု ကြောင့် တင်ဒါလုပ်ငန်းများမှ ကျပ်သန်းပေါင်း(၅၀၀၀)ခန့်အထိ ပိုလျှံရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။
အဆိုပါ ပိုလျှံသည့်ငွေများကို တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးပြုသွားနိုင် မည်ဖြစ်ကြောင်း မေ ၃၀ ရက်ကပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
“ပြီးခဲ့သည့်အစိုးရလက်ထက်က ဘတ်ဂျက်ရေးဆွဲခဲ့တဲ့ တိုင်းဒေသကြီးအတွင်းက တင်ဒါလုပ်ငန်းများကို ကျွန် တော်တို့က စနစ်တကျစိစစ်ပြီးဆောင်ရွက်ခဲ့တယ်။ အဲဒီလိုဆောင်ရွက်တော့ လေလံလုပ်ငန်းတွေကနေ ကျပ်သန်း (၅၀၀၀)ပိုလျှံခဲ့တာပါ။ ဒါပေမဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအရ ပြန်လည်အပ်နှံပြီး ကိုယ်တိုင် ရေးဆွဲတဲ့ ဘတ်ဂျက်တွေမှာ စနစ်တကျဆောင်ရွက်သွားမှာပါ။ အခုဆိုရင် တင်ဒါလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါမှာ ဝန်ကြီးတွေကိုတာဝန်ပေးခဲ့ပေမယ့် ကိုယ်တိုင်လည်း သေချာဆောင်ရွက်ခဲ့ပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။


ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအရ ပိုလျှံလာသည့်ငွေများကို တိုင်းဒေသကြီးအစိုးရကို ပြန်လည်ချထားပေးခြင်း ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကရေးဆွဲမည့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်၌ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
“အရင်တုန်းကဆို ဒီလိုတင်ဒါပိုငွေတွေမရှိပါဘူး။ ကျွန်တော်တို့တိုင်းဒေသကြီးမှာ ကျေးရွာမီးလင်းရေးတွေ ကျန်နေပါသေးတယ်။ မဟာဓာတ်အားလိုင်းနဲ့ဝေးနေတဲ့နေရာတွေ ကျန်ပါသေးတယ်။ အဲဒီနေရာတွေ ဘယ်လို မီးလင်းအောင်လုပ်မလဲဆိုတာတွေ ရှိပါသေးတယ်။ အဲဒီအတွက် အများကြီးသုံးစွဲဖို့ လိုပါသေးတယ်။”ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆက်ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ဝင်များအားလုံး၏ ဆုံးဖြတ် ချက်အတိုင်း လုပ်ဆောင်မည်ဖြစ်ပြီး ဘတ်ဂျက်များကိုလည်း ကဏ္ဏအလိုက်ရရှိမှု ပမာဏအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးများအတွက် အချိုးကျဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

MMK

Leave a Reply