News Federal Times

မင်းပြား၊ မေ ၃၀ ။        ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”သည် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်အဆောက်အဦးများ ရန်ကုန်-စစ်တွေ လမ်းဘေး ဝဲယာရှိ ဈေးဆိုင်များ၊ စိုက်ပျိုးထားသော စားပင်များနှင့် သစ်ပင်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မုန်တိုင်း တိုက်ခတ်မှုမှာ မေလ(၃၀)ရက် နံနက် ၁ နာရီမှ ၅ နာရီအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဍာကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့တွင် ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
“ကျွန်တော်တို့ အိမ်က လေးမြို့မြစ်ကမ်းနားမှာမို့ အိမ်သားတွေ အားလုံး တစ်ယောက်မှ မအိပ်ရပါဘူး။ လေတိုက်တာ တော်တော် ပြင်းပါတယ်။ ရေစီးပြင်းတာမို့ မြစ်ကမ်းပါး (၄)ပေ ပြိုဆင်းသွားတယ်။ အခု ကမ်းပြိုတာမှာ အိမ်မပါသွားဖို့ကို ဆုတောင်းနေရတယ်။ ကျွန်တော့်အိမ်အပါအဝင် (၅)ဆောင်က အမိုး၊ အကာတွေ လှန်သွားတယ်။ သစ်ပင်ကြီးတွေ အမြစ်ကျွတ် ပြိုလဲသွားတယ်။ ပြီးတော့ မြို့ပြင်ဖက်မှာ ရှိတဲ့ ဆီဆိုင် (၁၀)ကျော် အားလုံး ပြိုလဲသွားတယ်။”ဟု မင်းပြားမြို့ ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
မုန်တိုင်း သတိပေးချက်အား မြို့နယ်များတွင် သက်ဆိုင်ရာမှ မေလ(၂၉)ရက်တွင် သတိပေးထုတ်ပြန်ခဲ့ပြီး   မုန်တိုင်းအရှိန်ကြောင့် မေလ(၃၀)ရက်နေ့တွင်လည်း မိုးသည်းထန်နေပြီး ပြည်နယ်အတွင်း ပြေးဆွဲနေသော အမြန်ရေယာဉ်များ၏ ခရီးစဉ်များကို ရပ်တန့်ထားရပြီး ဈေးများလည်း ပိတ်ထားရကြောင်း သိရသည်။


ပင်လယ်ပြင်မှာ ငါးဖမ်းရေယာဉ်များမှ နီးစပ်ရာ ပင်လယ်ကမ်းစပ်များနှင့် မြစ်၊ချောင်းများသို့ ဝင်ရောက်ကာ ရှောင်းရှားနေရပြီး လက်ရှိအချိန်အထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သည်။
“စစ်တွေမှာ အပျက်အဆီးများတယ်။ ကျွန်တော်တို့နေတဲ့ ပြည်နယ်လွှတ်တော်အဆောက်အဦးတွေတောင် ပျက်စီးသွားတယ်။ လွှတ်တော်ရုံးနဲ့ ရိပ်သာမှာ အမိုးတွေ လှန်သွားတယ်။ ဆီလင်တွေ ပြိုကျသွားတယ်။ အခု အချိန်အထိ မောင်တောက ကျွန်တော့် မိသားစုကို ဖုန်းဆက်လို့ မရသေးဘူး။မောင်တောမှာလည်း အခြေအနေ ဆိုးတယ်လို့ ကြားနေရတယ်။“ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ့်စားလှယ် ဦးမောင်အုန်းက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်ပြင်ကို ဗဟိုပြု၍ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၄၀)ခန့်အကွာမှ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)ဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ပိုမို အပျက်အဆီးများနေပြီး ဒေသခံများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများတွင် ယာယီခိုလုံနေထိုင်နေကြရကာ လက်ရှိတွင် မြို့ပေါ်ရှိ အပျက်အစီးများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံတို့က ရှင်းလင်းနေကြရကြောင်း သိရသည်။

MMK

Leave a Reply