Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၃

ရွက်ပုန်းသီး အလှမယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Miss Burma အမည်ဖြင့် မယ်ပြိုင်ပွဲ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း Miss Burma Organization မှ City Director မစုလတ်ကိုကို ပြောဆိုသည်။

သြဂုတ် ၃၀ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည့် Miss Burma ပြိုင်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Miss Burma ပြိုင်ပွဲကို ၁၉၅၉ ခုနှစ် နောက်ပိုင်းမှ စ၍ ကျင်းပခဲ့ခြင်း မရှိတော့သဖြင့် ယခုအခါ ပြန်လည် ဖော်ထုတ်ချင်သည့် သဘောကြောင့် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်း အသီးသီးတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ်တွင် စက်တင်ဘာ ၉ ရက်၌ ကျင်းပရန် စီစဉ်ထားကာ အလှမယ်များကို စက်တင်ဘာ ၄ ရက်တွင် ဆန်ခါတင် ရွေးချယ်သွားမည်ဟု ၎င်းက ပြောဆိုသည်။

“ဒီပြိုင်ပွဲကနေ အရည်အချင်း ရှိရင် ရှိသလို နိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရမယ်”ဟု မစုလတ်ကိုကိုက ဆိုသည်။

ယခုပြိုင်ပွဲကို မြန်မာ အမျိုးသမီးရေးရာအသင်းနှင့် ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးနှင့် ကလေးသူငယ် မုဒိမ်းမှု ပပျောက်ရေးအတွက် နိုင်ငံ ကိုယ်စားပြု အလှမယ်များကို ရွေးချယ်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်မှာ ရှိတဲ့ အမျိုသမီးတွေရဲ့ အလှအပတွေ၊ ဗဟုသုတ ကြွယ်ဝမှုတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်”ဟု ပြည်နယ် အမျိုးသမီးရေးရာ အသင်းမှ ဒေါ်မြသန်းက ဆိုသည်။

ပြိုင်ပွဲကို မော်လမြိုင်မြို့ရှိ Royal Hinthar Hotel တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အလှမယ် ၁၀ ဦးကို ရွေးချယ်၍ မန္တလေးတိုင်းတွင် Talent ယှဉ်ပြိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းတွင်မူ Final ပွဲကို ကျင်းပပြုလုပ်သွားမည်ပြီး နိုင်ငံ ကိုယ်စားပြု အလှမယ် ငါးဦးအား ရွေးချယ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသော အလှမယ်များအနေဖြင့် စက်တင်ဘာ ၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာ တင်ရမည်ဖြစ်သည်။

လျှမ်းထက်

Advertisements
<

Leave a Reply