“ဆုရတာနဲ့ ပတ်သက်ပြီး ညီမလာဘ်ပေးလာဘ်ယူမှုလုပ်ခဲ့တာ လုံးဝမရှိပါဘူး”

ဒီတစ်ပတ်အတွက် ဟင်္သာမီဒီယာရဲ့ အနုပညာကဏ္ဍမှာတော့ မော်လမြိုင်မြို့၊ Ocean Supper Center ဇူလိုင်လက ကျင်းပခဲ့တဲ့ Mr & Miss Raining Season 2016 ပြိုင်ပွဲတွင် Winner ဆုကို ရရှိခဲ့တဲ့ မွန်အမျိုး သမီးမော်ဒယ်လ် သဇင်မိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါတယ်။thazinmoe

ဟင်္သာ။ ။ သဇင်မိုးဆိုတာက နာမည်အရင်းပဲလားညီမ။
သဇင်မိုး။ ။ ကျွန်မနာမည်က သဇင်မိုးပါ။ မွန်နာမည်ဆိုရင် မိဗြဲသ္ဇင်ဖြစ်တယ်။ ဒါပေမယ့် အနုပညာ လောကမှာတော့ သဇင်မိုး နာမည်ကိုပဲ သုံးဖြစ်တယ်။

ဟင်္သာ။ ။ အသက်က ဘယ်လောက်ရှိပြီလဲ ။
သဇင်မိုး။ ။ ၁၈ နှစ်ပါ။

ဟင်္သာ။ ။ ပြိုင်ပွဲကို ဘယ်လိုဝင်ပြိုင်ဖြစ်ခဲ့လဲ။
သဇင်မိုး။ ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် သူတို့ကြော်ငြာထားတာ ကျွန်မအွန်လိုင်းကနေတွေ့တယ်။ နောက်ပြီးတော့ သူငယ်ချင်းတစ်ယောက်ကလည်း ကမ်းလှမ်းလာတာပေါ့နော်။ သူကပြောတယ် နင်ဝါသနာပါတယ်ဆိုတော့ ဝင်ပြိုင်မလားတဲ့၊ ပထမဦးဆုံးခြေလှမ်းဆိုတော့ ကျွန်မလည်း ဝင်ပြိုင်ဖြစ်သွားတယ်။

ဟင်္သာ။ ။ ပြိုင်ပွဲစဝင်တုန်းက ဆုရဖို့ မျှော်မှန်းခဲ့လား။
သဇင်မိုး။ ။ ပြိုင်ပွဲဝင်တုန်းက ဆုရမယ်လို့လည်း မမျှော်လင့်ထားဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်အတွေ့အကြုံရှိတဲ့လူတွေ ကိုယ့်ထက်တော်တဲ့လူတွေ အများကြီးရှိနေလို့ပါ။ Miss ပွဲတွေမှာ ဝင်ပြိုင်ခဲ့တဲ့လူတွေ အများကြီးပဲ။ ကိုယ်က ပထမဦးဆုံးအတွေ့အကြုံဆိုတော့ ဘာမှ မမျှော်မှန်းရဲဘူးပေါ့။ ဝင်ပြိုင်တော့ ဆုရသွားတော့ အရမ်းပျော်ပါတယ်။

ဟင်္သာ။ ။ ပြိုင်ပွဲမှာ ဘယ်လိုအဆင့်ဆင့်ဖြတ်ကျော်ခဲ့လဲ။
သဇင်မိုး။ ။ ပထမဦးဆုံးယှဉ်ပြိုင်ရတဲ့အတွက် စိတ်တွေလှုပ်ရှားနေတယ်၊ လူတွေကလည်းများတော့ ရင်တွေလည်း တုန်နေတယ်။ ဖောင်တင်တဲ့အခါလည်း လူတွေများတယ်လေ မိန်းကလေးတွေကို ၁၄ ယောက် ရွေးချယ်လိုက်တော့ ကျွန်မပါသွားတယ်။ နောက်ထပ်စင်ပေါ်မှာ သုံးခါထပ်ရွေးတယ်။ ဘယ်လိုရွေးလဲဆိုတော့ ၁၄ ယောက်ကနေ၊ နောက်ထပ် ၁၀ ယောက်ရွေးတယ်၊ ၁၀ ယောက်မှ နောက်ထပ်ခြောက် ယောက်ရွေး လိုက်တယ်။ ခြောက်ယောက်ကို ရွေးပြီးတော့ အဲဒီထဲကမှ Miss အတွက် ဆုတစ်ယောက်တည်းကိုရွေးချယ်တယ်။ အဲဒီမှာ မေးခွန်းမေးတယ်။ပြီးမှ 4 th runner up ကြေညာတယ်။ ပြီးရင် 3 rd runner up၊ 2 nd runner up ပြီးရင်1 st runner up ပြီးမှ Winner ကြေညာတာပါ။ ညီမက Winner ဆုကိုရရှိသွားတယ်။ ယောကျာ်းလေးလည်း ဝင်ပြိုင်တာရှိတယ်။ ယောကျာ်းလေးက ၂၇ ယောက်ရှိတယ်။ ရွေးချယ်တာကလည်း အတူတူပဲ ရွေးချယ်သွားတယ်။

ဟင်္သာ။ ။ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာ ဆုပေးတာတွေမှာ မရိုးသားခဲ့ဘူးလို့ သတင်းတွေ ထွက်တာနဲ့ပတ်သက်ပြီးတော့ရောဘာပြောချင်ပါလဲ။
သဇင်မိုး။ ။ ပြိုင်ပွဲဆိုတာ ဒီလိုမျိုးကြားဖူးနေကြပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမအနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ အခု ညီမဆုရရှိသွားတာက ညီမရဲ ့ရိုးသားမှု ကြိုးစားမှုနဲ့ ညီမရတဲ့အတွက် ညီမနဲ့ထိုက်တန်ပါတယ်လို့ ယူဆပါတယ်။ ညီမက ဘာမှ တုံ့ပြန်စရာလည်းမရှိပါဘူး။ ဆုရတာနဲ့ ပတ်သက်ပြီး ညီမလာဘ်ပေးလာဘ်ယူမှုလုပ်ခဲ့တာ လုံးဝမရှိပါဘူး။

ဟင်္သာ။ ။ ဆုရတဲ့အချိန်မှာရော စိတ်ထဲက ဘယ်လိုခံစားရလဲ။
သဇင်မိုး။ ။ မမျှော်မှန်းထားတဲ့ဆု ဘယ်လိုမှ မမျှော်မှန်းထားပါဘူး။ ဒီပြိုင်ပွဲဝင်ပြိုင်တုန်းက အနုပညာရှင်တစ်ယောက်ဖြစ်ချင်လို့ ဝင်ပြိုင်ခဲ့တာ။ သရုပ်ဆောင်ဖြစ်ချင်လို့။ Miss တစ်ယောက်ဖြစ်ချင်လို့ ပြိုင်ခဲ့တာမဟုတ်ဘူး။ အနုပညာလမ်းကြောင်းလျှောက်လှမ်းချင်လို့ ဝင်ပြိုင်ခဲ့တယ်။ အဲဒီလိုဆုရသွားတော့ အရမ်းပျော်တယ်။

ဟင်္သာ။ ။ ဒီလိုအနုပညာလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဘယ်အချိန်ကတည်းက ဝါသနာပါခဲ့လဲ။
သဇင်မိုး။ ။ ကျွန်မ ငယ်ငယ်ကတည်းက ဒီအနုပညာကို ရွေးချယ်ခဲ့တယ်။ ကျွန်မ လေး တန်းလောက်တုန်းက TV မှာ Miss တွေလာနေတယ်ဆိုရင် ကြည့်တယ်။ စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ ပြိုင်ချင်တာပေါ့နော်။ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ချင်တယ်။ အဆိုတော်ဘက်လည်း အားသန်တယ်ဆိုတော့ အဲဒါကြောင့် အနုပညာလောကထဲကို ဝင်ချင်တယ်။

ဟင်္သာ။ ။ အဲတော့ ဘယ်လိုမျိုးတွေလေ့လာခဲ့လဲ။
သဇင်မိုး။ ။ အနုပညာအတွက် လေ့လာချိန်က သိပ်မရှိပါဘူး။ အွန်လိုင်းမှာတွေ့တယ်။ နောက်ပြီးတော့ သူငယ်ချင်းတွေ နောက်ပြီး ကိုယ်ချစ်တဲ့လူတွေထဲက အနုပညာသမားတွေလည်း ရှိတော့ သူတို့ဆီကနေလည်း နည်းနည်းပါးပါးလေ့လာတာပေါ့နော်။ အဲလောက်ပါပဲ သိပ်အများကြီးမရှိပါဘူး။

ဟင်္သာ။ ။ အနုပညာသင်တန်းတွေ တက်ဖူးလား။
သဇင်မိုး။ ။ ဒီအနုပညာနဲ့ပတ်သက်တဲ့သင်တန်းတွေ မတက်ဖူးသေးဘူး။ ဒါပေမယ့် ဒီကျောင်းပိတ်ရင်တော့ တက်ဖြစ်မယ်။

ဟင်္သာ။ ။ အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ဖို့အတွက် ဘယ်သူတွေက ကူညီပေးလဲ။
သဇင်မိုး။ ။ အဓိကတော့ အမေနဲ့အဖေပါ။ အမေနဲ့အဖေက တအားအားပေးတယ်။ ပြီးတော့ အစ်ကိုလည်း အားပေးတယ်။ ဒီလမ်းကြောင်းလျှောက်လှမ်းဖို့ တိတိကျကျလမ်းပြပေးတဲ့သူမရှိသေးပါဘူး။ ကိုယ့်ဘာသာကိုယ်ကြိုးစားပြီးတော့ လေ့လာတာပေါ့နော်။

ဟင်္သာ။ ။ လက်ရှိမှာ ဘာတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိလဲ။
သဇင်မိုး။ ။ မနေ့ကတော့ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ကိုယ်စားပြုအနေနဲ့ ပြက္ခဒိန်ရိုက်ထားတယ်။ ရှေ့လျှောက်မှာကျတော့ ကျောင်းက ပထဝီဝင်မေဂျာ ပထမနှစ်ပဲရှိသေးတယ်။ ကျောင်းက မပြီးသေးဘူးဆိုတော့ ဒီအနုပညာလမ်းကျောင်းကို တတ်နိုင်သလောက်ဆက်လုပ်သွားမယ်။

ဟင်္သာ။ ။ အနာဂတ်အတွက်ရော ဘာတွေ ပြင်ဆင်ထားပြီလဲ။
သဇင်မိုး။ ။ အနုပညာအလုပ်ပဲ လုပ်သွားဖို့ ရှိပါတယ်။ အနုပညာလောကထဲကို ရောက်အောင် ဆက်ကြိုးစားသွားမယ်။ လုပ်နိုင်သမျှကို လုပ်ဆောင်သွားမယ်။ အနုပညာအားလုံးထဲကလည်း သရုပ်ဆောင်ရတာကိုပဲ စိတ်ဝင်စားတယ်။ ဒီအနုပညာလောကထဲကို အသက်မွေးဝမ်းကြောင်းပြုနိုင်တယ်၊ နောက်ပြီးတော့ ကိုယ်ဝါသနာပါနေတော့ အမေနဲ့အဖေလည်း ခွင့်ပြုထားတော့ အရမ်းပျော်တယ်။ အဲဒါကြောင့် ဒီအနုပညာကိုပဲ ဆက်လုပ်သွားမှာပါ။ အနုပညာအလုပ်နဲ့ပဲ ရပ်တည်သွားမယ်လို့ စဉ်းစားထားပါတယ်။

ဟင်္သာ။ ။ နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ဘာတွေပြောချင်လဲ။
သဇင်မိုး။ ။ ညီမကတော့ ဒီအနုပညာလမ်းကြောင်းကိုပဲ လျှောက်လှမ်းပါ့မယ်။ ညီမကိုလည်း ဆက်လက်အားပေးကြပါ။

Leave a Reply