အထက်ဖော်ပြပါ လမ်း (၁၀၈) လမ်း၏ အမည်များကို လေ့လာကြည့်ရာ တိုင်းရင်းသားပုဂ္ဂိုလ်သုံးဦး၏ အမည်ရှိသော လမ်း(၃)လမ်းကိုသာ တွေ့ရသည်။ မောင်ကလေးလမ်း၊ မောင်ငံလမ်းနှင့် ကိုတောင်ကြီးလမ်းတို့ ဖြစ်ကြသည်။

လမ်းအမည်အများစုမှာ မော်လမြိုင်တွင် နေထိုင်ခဲ့ကြသော မျက်နှာဖြူဝန်ရှင်တော်မင်းကြီးများ၊ အရေးပိုင်များ၊ ဗိုလ်ချုပ်ဗိုလ်မှူးများ၊ အင်ဂျင်နီယာများ၊ တရားသူကြီးများ၊ သင်္ဘောတည်ဆောက်သူများ၊ သင်္ဘောကပ္ပတိန်များ၊ အရက်ချက်သူများ၊ မန်နေဂျာများ၊ သတင်းစာအယ်ဒီတာများ၊ မြူနီစီပယ်ဥက္ကဋ္ဌများနှင့် ကျောင်းဆရာများ၏ အမည်များဖြစ်သည်ကို တွေ့ရသည်။

မော်လမြိုင်မြို့တွင် လမ်းများသည် နွေရာသီတွင်ဖုန်ထူ၍ မိုးရာသီ၌ ဗွက်ထသည်။ မြူနီစီပယ်အဖွဲ့က လမ်းများပေါ်တွင် အုတ်ကျိုးအုတ်ပဲ့များကို ဆုတောင်း၍ မိုးမကျမီ တစ်ကြိမ်၊ မိုးကုန်လျှင် တစ်ကြိမ်၊ တစ်နှစ်လျှင် နှစ်ကြိမ်၊ ရေနွေးငွေ့မောင်းလမ်းကြိတ်စကပ်ဖြင့် ကြိတ်ပေးသည်။ ဖုန်ထူသော နွေရာသီတွင် နွားလှည်းပေါ်တွင် သစ်သားရေစည်တင်၍ ရေဖျန်းပေးသည်။ ကမ်းနားလမ်းတစ်လျှောက်မှာကား ကျောက်ခင်းရေနံချေးလောင်းပြီး သဲဖြူးထားသဖြင့် ဖုန်ထခြင်းမရှိချေ။
မြူနီစီပယ်အဖွဲ့သည် လမ်းများကို ရေရှည်တည်တံ့အောင် ဖောက်လုပ်ခြင်းမပြုဘဲ၊ မြို့လူထုထံမှ ကောက်ခံရရှိသောအခွန်ဖြင့်၊ ယာယီပြင်ဆင်မှုများကိုသာ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။

မြူနီစီပယ်အဖွဲ့တွင် အခြားချို့ယွင်းချက်တစ်ခုရှိသေးသည်။ မြို့လူထုအပမ်းဖြေအနားယူရသည့် မြူနီစီပယ်အဖွဲ့ပိုင် သံလွင်ဥယျာဉ်ကို ဥရောပတိုက်သားနှင့် ကပြားများက ဂေါက်ကွင်းအဖြစ် ပိုင်စိုးပိုင်နင်းအသုံးပြုနေသည်ကို မသိကျိုးကျွန်ပြုခဲ့ခြင်းပင်ဖြစ်သည်။

ဦးထွန်းဝင်း မော်လမြိုင်မြူနီစီပယ် ဥက္ကဋ္ဌ ဖြစ်လာသောအခါမှသာ မော်လမြိုင်မြို့တွင်း လမ်းများ ခေတ်မီလမ်းများဖြစ်လာသည်။ မြူနီစီပယ်အဖွဲ့ ထိန်းချုပ်မှုအောက်ပြန်လည်ရောက်ရှိပြီး ပန်းခြံကြီးဖြစ်လာသည်။

ဦးထွန်းဝင်းကို ၁၈၇၅-ခုတွင်၊ သထုံမြို့၌ ဖွားမြင်သည်။ ဖခင်မှာ ကုန်သည်ကြီး “ဦးဘအို” ဖြစ်၍ မိခင်မှာ မွန်အမျိုးသမီးဖြစ်သည်။ အမည်မသိရချေ။
ဦးထွန်းဝင်းသည် မော်လမြိုင်အစိုးရအထက်တန်းကျောင်း (ယခု အ.ထ.က ၁)မှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ၁၀ တန်းအောင်သည်။ တက္ကသိုလ်ဆက်မတက်ဘဲ ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ဦးထွန်းဝင်းသည် ဥပဓိရုပ်ကောင်းပြီး စကားကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံဖြင့် ထိထိမိမိပြောတတ်သဖြင့် အောင်မြင်သော ဝတ်လုံတော်ရ တစ်ဦးဖြစ်လာသည်။

ဦးချစ်လှိုင် ဦးဆောင်သော လှိုင်ပုကျော် (ဦးချစ်လှိုင်+သာယာဝတီဦးပု+ဦးထွန်းအောင်ကျော်)၊ ဂျီစီဘီအေ (G.C.B.A = General Couneic of Burmese Associations) ခေါ် မြန်မာအသင်းချုင်ကြီးနှင့် (၂၁)ဦးတို့ ကွဲသောအခါ (၂၁)ဦး ပါတီဝင်ဖြစ်လာသည်။ (၂၁)ဦး ပါတီဝင် မင်းတိုင်ပင်အမတ်တစ်ဦးဖြစ်လာသည်။ ရှင်မဟာဗုဒ္ဓဃောသကျောင်း (ယခု အ.ထ.က – ၉)၏ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော “သာသနာဓရအသင်း”၏ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။

လွန်ခဲ့သော နှစ်ပေါင်း (၈၀)ကျော် (၉၀)ခန့်က (မြို့ရွာက လူကြီးလူကောင်းဟု အသိအမှတ်ပြုထားသော) မော်လမြိုင်မြို့မှ လူကြီးလူကောင်းများသည် အပူရှိန်ပြင်းသော နွေရာသီတွင် ရေကြောင်းဖြင့် “ပီနံ”သို့ သွား၍ အနားယူအပမ်းဖြေလေ့ရှိသည်။ အဆိုပါ လူကြီးများတွင် ဦးထွန်းဝင်းပါဝင်သည်။ ပီနံရှိလမ်းများမှာ ကတ္တရာခင်းထားသဖြင့် ဖုန်ထခြင်းမရှိဘဲ သွားရေးလာရေး လွယ်ကူချောမွေ့သည်။ ပီနံရောက် ဦးထွန်းဝင်းသည် နွေရာသီတွင် ဖုန်ထူ၍ မိုးရာသီတွင် ဗွက်ထသော မော်လမြိုင်လမ်းများကို ကတ္တရာခင်းပေးလျှင်ကောင်းမည်ဟု အကြံရတောင့်တမိသည်။

၁၉၂၈ ခုတွင် ဦးထွန်းဝင်းသည် မော်လမြိုင်မြူနီစီပယ် ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ မကြာမီမှာပင် ပီနံရှိ အက်စ်ဖေါ့ (Asphalt)ကို မော်လမြိုင်မြို့တွင် လမ်းများ ကတ္တရာခင်းရန် ကန်ထရိုက်ပေးသည်။ ပထမဦးစွာ အမှတ်(၉၄)၊ အထက်လမ်းမကြီး (အထက်လမ်းမကြီးနှင့် ဦးဇနိဘုရားလမ်း အရှေ့မြောက်ထောင့်)မိမိနေအိမ်ရှေ့တွင်ရှိသော လမ်းမှစ၍ ကတ္တရာခင်းစေခြင်းမှာ အနီးကပ်ကြီးကြပ်လေ့လာနိုင်ရန်ဖြစ်သည်။ စိတ်တိုင်းကျသောအခါ ကမ်းနားလမ်းနှင့် လမ်းမကြီးများကို ကတ္တရာဆက်ခင်းသည်။ ထိုအခါဖုန်ထူဗွက်ထခြင်းကင်းဝေးသွား၍ မြို့လူထု၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာသည်။

ကတ္တရာခင်းလိုက်သောအခါ လမ်းများချောသွားသဖြင့် ရထားလုံးနှင့် ဘုံပြတ်တို့မှ မြင်းများ မကြာခဏ ချော်လဲသည်။ ရထားမောင်းသမားများက ဦးထွန်းဝင်းကို ဆဲရေးတိုးထွာကြသည်။ ဆဲဆိုခံရသည်ကို အမှုမထားဘဲ မြို့လူထု၏ ကျန်းမာရေးနှင့် သွားလာရေးကောင်းမွန်မှုကို အလေးထားသော ဦးထွန်းဝင်းသည် ဆဲရေးတိုင်းထွာခြင်းကို အပြုံးဖြင့် ခံယူသည်။

ဦးထွန်းဝင်း မြူနီစီပယ်ဥက္ကဋ္ဌ သက်တမ်းအတွင်း မောရဝတီပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ မြူနီစီပယ်ရုံးကြီးကို ဆောက်လုပ်ပြီးစီးသည်။ မြူနီစီပယ်ရုံးကြီးသည် နာရီစင်ပိဋကတ်တိုက်တို့ဖြင့် တန်ဆာဆင်ထားသောကြောင့် မြို့၏ ကျက်သရေဆောင်အဆောက်အဦကြီးဖြစ်ခဲ့သည်။ ယခုအခါ မြူနီစီပယ်ရုံးကြီးမှာ ဆိုင်းဘုတ်မျိုးစုံတပ်ထားသော ရုံးကြီးဖြစ်နေချေပြီ။ ၂ မတ် ၁၉၆၂ နောက်ပိုင်းတွင် မြူနီစီပယ် ပိဋကတ်တိုက်ကြီးမှာလည်း ဖရိုဖရဲပြိုကွဲ ပျက်စီးသွားပြီဖြစ်သည်။

ဦးထွန်းဝင်းသည် မိမိနေအိမ်မှ မြူနီစီပယ်ရုံးသို့ ကားဖြင့်ရုံးတက်ရုံးဆင်းလုပ်ရာတွင် ဂျင်မနာကလပ် (Gymkhana Club) ယခု (အမှတ်-၁ မူကြိုကျောင်း)ရှေ့မှ ဖြတ်သွားဖြတ်လာပြုရသည်။ ထိုကလပ်သည် မျက်နှာဖြူအရာရှိများ၏ မူးယစ်သောက်စားလောင်းကစားရာဌာနဖြစ်သည်။ ကလပ်ရှေ့တွင် “ဟွန်းမတီးရ” ဟူသော ဆိုင်းဘုတ်ထောင်ထားသည်။ ဦးထွန်းဝင်းက ထိုဆိုင်းဘုတ်ကို “မျက်စိစပါးမွေးစူး”သည်။ ကလပ်အသင်းဝင်းများကို ပညာပြရန် အကြံထုတ်သည်။ မကြာမီပညာပြရန် အကွက်ကောင်းတစ်ခုတွေ့ရသည်။ မြူနီစီပယ်မှတ်တမ်းများကို လေ့လာဖတ်ရှုရာမှ မြူနီစီပယ်အဖွဲ့က သံလွင်ဥယျာဉ်ကို ဗိုလ်မှူးကြီးဘရောင်း (Colonel Brown)ထံမှ ၄ အောက်တိုဘာ ၁၈၇၅ တွင် ကျပ်ငွေ (၃၀ဝ၀ဝ)ဖြင့်  ဝယ်ယူထားကြောင်းတွေ့ရသည်။ ကလပ်အသင်းများက မြူနီစီပယ်အဖွဲ့၏ ခွင့်ပြုချက်မတောင်းခံဘဲ) သံလွင်ဥယျာဉ်ကို ပိုင်စိုးပိုင်နင်း ဂေါက်ကွင်းအဖြစ်အသုံးပြုလျက်ရှိသည်။ ဦးထွန်းဝင်းက ကလပ်အသင်းသားများထံ သံလွင်ဥယျာဉ်ကို ဂေါက်ကွင်းအဖြစ်အသုံးပြုခွင့် မပေးတော့ကြောင်း အကြောင်းကြားသည်။ မျက်နှာဖြူများ ကသိကအောက်ဖြင့် ဂေါက်ကွင်းကို တောင်ဝိုင်းသို့ ပြောင်းရွှေ့သွားရသည်။ တစ်ဖန်တောင်ဝိုင်းတွင် လေယာဉ်ကွင်းဖောက်လုပ်သောအခါ ငန်းတေးသို့ ထပ်မံပြောင်းရွှေ့သွားရသသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ခွဲရေးတွဲရေး ပြသနာပေါ်ပေါက်လာသောအခါ ဦးထွန်းဝင်းသည် ခွဲရေးဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့သည်။
၂၇ ဒီဇင်ဘာ ၁၉၃၁ တွင် လန်ဒန်မြို့၌ ဗမာနိုင်ငံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးကို “ဝေလမင်းသား” က “ဂျော့ဘုရင်” ကိုယ်စားဖွင့်လှစ်ပေးသည်။ နန်းရင်းဝန် (ဝန်ကြီးချုပ်) မက်ဒေါနယ် (J.Ramsay MacDonald)က “ဤအစည်းအဝေးတွင် ခွဲရေးတွဲရေးကိုသာ ဦးတည်ဆွေးနွေးရန်မဟုတ်၊ ခွဲရေးကို ကန့်ကွက်လိုက ကန့်ကွက်နိုင်သည်” စသဖြင့် အင်္ဂလိပ်အစိုးရ၏ သဘောထားကို ပြောကြားသည်။

ဦးဘဘေ၊ ဦးမောင်ကြီးနှင့် ဦးဘစီတို့က ဗမာနိုင်ငံကို အိန္ဒိယမှခွဲပြီး သီးခြားနိုင်ငံအဖြစ်ထားရန်ဟူသော အချက်ကို တင်ပြဆွေးနွေးကြသည်။ ဦးချစ်လှိုင် သာယာဝတီဦးပုနှင့် ဦးထွန်းအောင်ကျော်တို့က ခွဲရေါ်ကို ကန့်ကွက်ဆွေးနွေးကြသည်။

ထိုစဉ်က  မြန်မာလူထုကြီးသည် ခွဲရေးတွဲရေးပြဿနာကို စိတ်ဝင်စားစွာ ဝေဖန်ဆွေးနွေးကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှာ ရှေ့တန်းကပါဝင်သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂခေါင်းဆောင်များသည် ခွဲရေးတွဲရေး သဘောအဓိပ္ပါယ်ကို လေ့လာနိုင်ရန် အခြေအတင် (စကားရည်လုပွဲ) တစ်ရပ်ကို “တ.က.သ”ခန်းမ၌ စီစဉ်ကျင်းပသေးသည်။ စကားရည်လုပွဲတွင် တွဲရေးဘက်မှ ဒေါက်တာဘမော်၊ ဦးကျော်မြင့် (ဝတ်လုံတော်ရ)နှင့် ရမ်းဗြဲဦးမောင်မောင် တို့က ပြောကြပြိး၊ ခွဲရေးဘက်မှ ဦးဘဘေ၊ ဦးစိုးညွန့် (ဝတ်လုံတော်ရ) နှင့် ဦးထွန်းဝင်း (မော်လမြိုင်)တို့က ပြောကြသည်။ ဦးထွန်းဝင်း၏ ဟန်အမူအရာနှင့် လေယူလေသိမ်းပြောပုံဆိုပုံတို့ကို တက္ကသိုလ်ကျောင်းသားများက ချီးကျူးကြသည်။

စကားရည်လုပွဲပြီးလျှင် တို့ဗမာအစည်းအရုံးဝင်၊ ယခင်ဘသောင်းက၊ သဘာပတိထံခွင့်တောင်း၍ “တို့ဗမာအစည်းအရုံးအနေဖြင့် ခွဲရေးရော တွဲရေးပါ” မည်သည့်ဘက်ကိုမှ မထောက်ခံလိုကြောင်း ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ၊ အင်္ဂလိပ်နယ်ချဲ့သမား၏ လက်အောက်ခံချည်းဖြစ်ကြောင်း “ကျွန်”နှင့် “ဒါသ”စကားလုံးခြားနားသော်လည်း တစ်မျိုးတည်းသာဖြစ်ကြောင်း ခွဲရေးတွဲရေး ပြဿနာ၏ အဓိပ္ပါယ်မှာ အင်္ဂလိပ် နယ်ချဲ့အစိုးရက သူ၏ ဘယ်ဘက်ဖိနပ်အောက်နေမလား၊ ညာဘက်ဖိနပ်အောက်နေမည်လားဟု မေးသည့်သဘောပင်ဖြစ်ကြောင်း၊ ဤကိစ္စအတွက် မိမိတို့သခင်များ သဘောကို ပြောရလျှင် အင်းဝခေတ်က နာမည်ကျော် သူခိုးကြီး “ငတက်ပြား”ဖမ်းမိသဖြင့် “သတိုးမင်းဖျားဘုရင်”က “မောင်မင်းကိုအခုသတ်မည် သံလျက်ဖြင့်ခုတ်သတ်တာကြိုက်သလား၊ လှံဖြင့်ထိုးသတ်တာကြိုက်သလား”ဟု မေးသောအခါ “ငတတ်ပြား”က “ကျွန်ုပ်အကြိုက်ပြောရလျှင်၊ သံလျက်ရောလှံပါ ဘယ်အရာမှ၊ မကြိုက်၊ အရှင်မင်းကြီးဘေးက “စောဥမ္မာ”ကိုသာ ကြိုက်ပါသည်”ဟု ပြောခဲ့သလို “ခွဲရေးလဲ မကြိုက်၊ တွဲရေးလည်း မကြိုက်၊ အင်္ဂလိပ်နယ်ချဲ့သမားလက်အောက်က လုံးဝလွတ်လပ်ရေးကိုသာ ကြိုက်ပါတယ်”ဟု ပြောလိုက်ရာ တက္ကသိုလ်ကျောင်းသားအပေါင်းက သောင်းသောင်းဖြဖြ သြဘာပေးကြသည်။

ငတက်ပြားအကြောင်းဆက်ရသော် – သတို့မင်းဖျားက “ငါမင်းကို စင်လျက်ဆိုဝံ့၏ အချည်းအနှီးမသေကောင်းလေ၊ အမှုထမ်းစေအံ့”ဟု သေားကောင်းကိုလိုသော မုဆိုးသည် လေးမြားကို ချစ်သကဲ့သို့ ငါးကိုလိုသော တံငါသည် ကွန်ကိုချစ်သကဲ့သို့ ပြည်တွဲရေးကို ထောက်၍ (မသတ်ဘဲ)ထားတော်မူသည်။

ကျမ်းကိုး ။ တွင်းသင်း မဟာရာဇာဝင်သစ်
ပထမတွဲ၊ စာမျက်နှာ – ၁၈၂

Written by အံ့ကျော်

Leave a Reply