မော်လမြိုင်၊ ဧပြီ ။      ။ မွန်ပြည်နယ်တွင်းရှိ ကားလက်မှတ်အရောင်းဌာနများကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပို၍ ရောင်းနေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောကြားသည်။

“ဈေးနှုန်းတွေ လက်တစ်လုံးချာ အရောင်းအဝယ်လုပ်နေတာတွေကို ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက် ပေးပါမယ်၊ သင်္ကြန်ကာလတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်ဖျက်တွေ တကယ် အကြောင်းကြားလာတယ် ဆိုရင် ဖြေရှင်းပေးပါတယ်။ ဒါကြောင့် နောက်နှစ်တွေ အထူးသဖြင့် ဒီလိုမဖြစ်အောင် ကြပ်ကြပ်မတ်မတ် စီစဉ် ဆောင်ရွက်သွားမယ်”ဟု ဧပြီလ ၁၉ ရက်နေ့၌ မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မီဒီယာများနှင့် တွေ့ဆုံမေးမြန်းချိန်တွင် ထည့်သွင်း ဖြေကြားခဲ့သည်။

ကားလက်မှတ်အရာင်းဌာနကို ယာဉ်စည်းကမ်းနှုန်းထားထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် စစ်ဆေး တွေ့ရှိခဲ့သည့်ဖြစ်စေ၊ ခရီးသည်များက လာရောက်တိုင်းကြားခဲ့သည်ဖြစ်စေ ပြင်းထန်စွာ အရေးယူသွားမည်ဟု မွန်ပြည်နယ်တွင်းရှိ ယာဉ်လိုင်းများကို အစည်းအဝေးခေါ်ယူ သတိပေးထားကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ( ယ.ထ.က) မှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်ဝင်းမောင်က ပြောဆိုသည်။

“ဒီခရီးသည်က လာပြီး  တိုင်ကြားလို့ရှိရင် ကျွန်တော်တို့ ယာဉ်လိုင်းကို ခေါ်ပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးလို့ရတယ်”ဟု အတွင်းရေးမှူးဖြစ်သူ ဦးကျော်ဝင်းမောင်က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် သင်္ကြန်ကားလတွင် ကားလက်မှတ်ကို ယာဉ်စည်းကမ်းနှုန်းထားထက် ပိုမို ရောင်းချနေခြင်းကြောင့် ခရီးသည်က လာရောက်တိုင်ကြား၍ အရေးယူမှု ပြုလုပ်ခဲ့တာရှိကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်အတွင်းရှိ အဝေးပြေးယာဉ်လိုင်း ၆၂ လိုင်းရှိကာ ပုံမှန် ပြေးဆွဲလျက်ရှိကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ( ယ.ထ.က) ထံမှ သိရသည်။

Written by – အဂ္ဂနန်

Leave a Reply