စွန့်ပစ်ထားသည့် ပလတ်စတစ်အိတ် အစုတ်အပြတ်များ၊ သုံးမရသည့် ရေသန့်ဗူးခွံများ၊ စားပြီး ပစ်ထားသော ဖရဲသီးခွံ အပုပ်များနှင့် အုန်းသီးခြမ်းကွဲ အခြောက်များ၊ တခြား သုံးမရသည့် အမှိုက်များသည် ကမ်းခြေဝန်းကျင်တွင် နေရာအနှံ့တွင် ပြန့်ကျဲ လျက်ရှိနေတော့သည်။

ထိုမျှသာမက ဟိုနားတစ်ပုံ၊ ဒီနား တစ်ပုံ ရှိနေသည့် အမှိုက်ပုံများသည်လည်း ကမ်းခြေ ဝန်းကျင်တွင် ရှုမြင်မဆုံးပေ။
ဒီကမ်းခြေလေးသည် မွန်ပြည်နယ်သို့ လာရောက် လည်ပတ်ကြသော ခရီးသွားများ မသွားမဖြစ် သွားလေ့ ရှိသည့် နေရာတစ်ခု ဖြစ်သည့် သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေလေး သာဖြစ်နေတော့သည်။

အမှိုက်များ ပြည့်နှက်နေသည့် စက်စဲကမ်းခြေကို ကြီးကြပ်ထိန်းသိမ်းမှု အားနည်းသည့်အတွက် ယခုကဲသို့ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင် ကမ်းခြေ သာယာလှပရေးအတွက် ထိန်းသိမ်းမှုများစွာ လိုအပ်နေသည်။

“ဒီစက်စဲကမ်းခြေက ကမ်းခြေနဲ့ မတူတော့ဘူး၊ ဘယ်နေရာ ကြည့်ကြည့် အမှိုက်တွေ ချည်းပဲ”ဟု စက်စဲကျေးရွာ ဒေသခံ ဦးလှမြင့်က ကမ်းခြေလေး၏ ဖြစ်ပျက်နေပုံအား စိတ်ပျက်စွာဖြင့် ပြောဆိုနေသည်။

စက်စဲကမ်းခြေသည် သောင်ပြင်ပေါ် လာရောက် ရောင်းချသည့် တွန်းလှည်းဈေးသည်များ၊ ခေါင်းရွက်ဈေးသည်များ အပါအဝင် ကမ်းခြေရှိ ဟိုတယ်၊ တည်းခိုခန်း၊ စာသောက်ဆိုင်များ၏ စွန့်ပစ်အမှိုက်များနှင့် ရေဆိုးရေညစ် ဒဏ်ကို အလူးအလဲခံစားနေရသည်။

“ဒီမှာ ရှိတဲ့ဆိုင်တွေကလည်း စည်းကမ်းမရှိကြဘူး၊ ဆိုင်တွေကလည်း သူတို့ ချိုးချတဲ့  ရေဆိုးရေညစ်တွေကိုလည်း ဒီပင်လယ်ထဲ မြောင်းဖောက်ပြီး ချိုးချကြတယ်”ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ဝေဖန်ပြောဆိုသည်။

ပင်လယ်ထဲသို့ အမှိုက်စွန့်ပစ်ခြင်းသည် ပင်လယ်ကြမ်းပြင်၏ ဂေဟစနစ်များကို များစွာ ပျက်စီးနေသည့် အတွက် အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ရှားဖို လိုအပ်ကြောင်း ဒေသခံများကို ပင်လယ်ထဲ အမှိုက်စွန့်ပစ်မှုများကြောင့် ပင်လယ်ကြမ်းပြင် ပျက်စီးလာမှုများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း တနင်္သာရီတိုင်း ကမ်းခြေနေရာ တချို့တွင် အမှိုက်ပုံးများကို နေရာတိုင်း ထားရှိပြီး၊ ကိုယ်ထူကိုယ်ထ အမှိုက်စွန့်ပစ်သည့် စနစ်များကို ကျင့်သုံးနေကြောင်း မွန်၊ကရင်၊တနင်္သာရီ ဒေသတွင် ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်နေသည့် ဦးမျိုးမင်းက ပြောသည်။

“နိုင်ငံခြားသား တစ်ဦးဆိုရင် သူရဲ့ အမြင်ကို ဖေ့ဘုတ်စ်မှာ ပြောထားတယ်၊ မြန်မာ လူမျိုးတွေဟာ အလှအပကိုတော့ ခံစားတတ်ကြတယ်၊ ဒါပေမယ့် အမှိုက်ကိုတော့ ဘယ်လို စွန့်ပစ်ရမလဲဆိုတာ မသိကြဘူးလားလို့ ရေးထားတယ်၊ ဒီဟာက တော်တော်လေး ရှက်ဖို့ ကောင်းတယ်”ဟု ဦးမျိုးမင်းက ထောက်ပြသည်။

သောင်ပြင်ပေါ် လာရောက်ရောင်းချသည့် ဈေးသည်များသည် ၎င်းတို့၏ အမှိုက်များကို သိမ်းဆည်းခြင်းမရှိဘဲ သဲများတွင် ဖုံးအုပ်၊ မြှပ်နှံထားမှုနှင့် ဈေးသည်များမှ ထွက်ရှိသည့် အကြော် အနံ့အသက်များကြောင့် ကမ်းခြေသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများပါ ဖြစ်ပေါ်လာသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်ဖြစ်သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၉ ရက်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့က စက်စဲကမ်းခြေ သာယာလှပရေးအတွက် သောင်ပြင်အပေါ် ဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီး စီးနင်းခွင့်အား ပိတ်ပင် တားမြစ်လိုက်ခဲ့သေးသည်။
ထိုတားမြစ်ချက်သည် ယာယီအခိုက်တန့်မျှသာ ခံခဲ့ပြီး နောက်ပိုင်းတွင် သောင်ပြင်ပေါ် ဈေးရောင်းသူများနှင့် မြင်း၊ စက်ဘီးဌားရမ်းသူများလည်း ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်ခဲ့ကြောင်း ဒေသခံများက ဝေဖန် ပြောဆိုသည်။

ထူးခြားမှုအနေဖြင့် တားမြစ်ချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဂေါက်ကား မော်တော်ယာဉ် ဌားရမ်းသူများသာ အမှန်တကယ် ရပ်နားခဲ့ရသည်။
ဂေါက်ကား မော်တော်ယာဉ်များ ရပ်နားရခြင်းသည် မော်တော်ယာဉ် လိုင်စင်မရှိသည့်အတွက်ကြောင့် ကမ်းခြေတွင် လုပ်ကိုင်ခွင့် မရရှိခဲ့ခြင်းဖြစ်သည်။
“သင်္ကြန်ပြီးနောက်ပိုင်းမှာ ကမ်းခြေက အခုကတော်တော်လေး ဆိုးနေပြီး လက်ရှိအနေအထားရဆို တော်တော်လေး ပြန်ပြီး အဖတ်ဆယ်ရမယ့် အနေအထားတွေ ဖြစ်လာပြီး”ဟု မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

ကမ်းခြေရှိ အမှိုက်များနှင့် စွန့်ပစ် ပစ္စည်းများ၏ အန္တရာယ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဧပြီလ ၁၉ ရက်က ကျင်းပသည့် ပြည်နယ်အစိုးရ အစည်းအဝေးတွင် ကော်မတီဖွဲ့ပြီး ထိန်းကျောင်းရန်  ဆုံးဖြတ်ခဲ့ကြသည်။

စက်စဲကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ပြည်နယ်အစိုးရဝန်ကြီး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျေးရွာဒေသခံများနှင့် လုပ်ငန်းရှင်တို့ဖြင့် ဖွဲ့စည်းသွားရန် ပြည်နယ်အစိုးရက စီစဉ်ထားသည်။
ထိုစက်စဲ အမှိုက်ပြဿနာကို ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက်ကတည်းက ကမ်းခြေ သာယာလှပရေးနှင့် ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကော်မတီကို ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ၊ ကျေးရွာအဆင့်ဖြင့် အဆင့် သုံးဆင့် ထားပြီး ထိန်းကျောင်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။
“ဒီလိုကော်မတီမျိုးကို အရင်အစိုးရ လက်ထက်ကတည်းက ဖွဲ့ပြီး လုပ်ခဲ့သေးတယ်၊ ကြီးကြပ်တဲ့အပိုင်း အားနည်းလို့ အောင်မြင်မှု မရခဲ့ဘူး”ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ထောက်ပြပြောဆိုသည်။

ကော်မတီဖွဲ့၍ ကြီးကြပ်ဆောင်ရွက်ရန် စီစဉ်နေသည့် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သောင်ပြင်ဈေးသည် ၃၀၊ မြင်း၊ စက်ဘီးငှားရမ်းသူ ၇၀ ကျော်အပါအဝင် ကမ်းခြေကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသည့် ဒေသခံ ၅၀၀ ကျော်၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းရန် လိုပေမည်။

“ကျွန်တော်တို့က ဒီမြင်းလေးတွေနဲ့ပဲ လုပ်စားနေရတယ်၊ ဒီမြင်းတွေနဲ့ မလုပ်ရတော့ဘူးဆိုတော့ ကျွန်တော်တို့ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေ အများကြီး ဖြစ်လာမယ်”ဟု စက်စဲကမ်းခြေတွင် မြင်းငှားစားနေသူ တစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့က ဒီကမ်းခြေကို မှီပြီး လုပ်ကိုင်စားသောက်နေတာ ကြာပြီး၊ ဈေးရောင်းတာကို ပိတ်လိုက်ရင်တော့ ကလေးတွေ ကျောင်းထားဖို့ မဖြစ်နိုင်တော့ဘူး”ဟု  တွန်းလှည်းသမားဈေးသည် ဦးမြင့်ဇော်က ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က နည်းအတိုင်း လုံးဝ ရောင်းချခွင့်မပြုခြင်းသည်လည်း မှန်ကန်သည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုမျိုး မဟုတ်ပေ။ ပြည်သူလူထုထောက်ခံမှုဖြင့် တက်လာသည့် အစိုးရတစ်ရပ်အနေဖြင့် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မူဝါဒကောင်းတစ်ရပ်ချမှတ်ရန် လိုအပ်နေသည်။

ကျေးရွာ အုပ်ချုပ်ရေး ယန္တရားက ကမ်းခြေကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသည့် ခေါင်းရွက်ဈေးသည်များသည် တစ်ဦးလျှင် တစ်လ ၆၀၀၀ ကျပ်စီ ရောင်းချခွင့် အခွန်အခ ပေးဆောင်နေရကြောင်း ကမ်းခြေရှိ ခေါင်းရွက်ဈေးသည်များနှင့် ပြည်သူ့လွှတ်တော်  ကိုုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောဆိုသည်။

“ဒီပိုက်ဆံတွေကို ဘယ်လို စီမံခန့်ခွဲလဲလို့ မေးရင် ဘယ်မှာ တာဝန်ယူပြီး ခေါင်းခံတဲ့ သူတစ်ယောက်မှ မရှိဘူး”ဟု ဦးဉာဏ်ဟိန်းက ဆိုသည်။
စက်စဲကမ်းခြေမြေကို မီးရထားဌာန စည်ပင်သာယာရေးအဖွဲ့နှင့် မြေစာရင်းဌာနအပါအဝင် ဌာနပေါင်း ၁၀ ကျော် ပိုင်ဆိုင်သည့် မြေဖြစ်နေသည်။

“ဒီမြေကို ဌာနအများကြီး ပိုင်ဆိုင်ထားတယ်၊ အဲဒါတွေက မြို့နယ်အဆင့်နဲ့ မရတော့ဘူး၊ မြေကြီးပိုင်ဆိုင်မှုတွေကို အစိုးရက ဖြေရှင်းပေးရမယ်၊ နောက်ပြီး တကယ်ပဲ ဌာနအတွက် လိုတာလား၊ ဒါတွေကို ပြတ်ပြတ်သားသား လုပ်သွားရင်တော့ အဆင်ပြေသွားမယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးအဖွဲ့အစည်း တချို့ကို ကမ်းခြေတွင် အခြေချလုပ်ကိုင်နိုင်ရန် ယခင်အစိုးရ လက်ထက်ကတည်းက လုပ်ကိုင်ခွင့် ပေးအပ်ထားကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် စက်စဲကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ကမ်းခြေ စီမံခန့်ခွဲမှုကို ပြည်နယ် အစိုးရအဖွဲ့ကိုယ်တိုင် တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များက လိုလားနေကြသည်။

စက်စဲကမ်းခြေ စွန့်ပစ်အမှိုက် ကိစ္စကို စက်စဲကျေးရွာဒေသခံများ၏ တိုင်ကြားချက်အရ ဧပြီ ၁၉ ရက်တွင်လည်း မွန်ပြည်နယ် လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက ကွင်းဆင်း စစ်ဆေးခဲ့သေးသည်။

“အမှန်တကယ်တော့ စက်စဲကမ်းခြေဟာ အစိုးရ အုပ်ချုပ်နေရာ တစ်ခုဖြစ်တယ်၊ အခုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အုပ်ချုပ်တဲ့ ကမ်းခြေ ဖြစ်နေတယ်”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ထို့အတွက်ကြောင့် စက်စဲကမ်းခြေကို ပြည်နယ်အစိုးရ တိုက်ရိုက် ကိုင်တွယ်သည့် ကမ်းခြေဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာများကိုု ပြောဆိုထားသည်။

“လုံးဝကို ပိတ်ပင် တားဆီးတာထက် စည်းကမ်းတကျနဲ့ စနစ်တကျဖြစ်ဖို့ အဲဒါကို ဘယ်လို ကြီးကြပ်မလဲပေ့ါ၊ လက်တေ့ွမှာ အပေါ်ယံကြောက ကြည့်လိုက်လို့ရှိရင် စနစ်တကျဖြစ်မှာ မဟုတ်ဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ဝေဖန်ပြောဆိုသည်။

ကမ်းခြေတွင် ဈေးရောင်းသူများ အပါအဝင် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်များ၏ စွန့်ပစ်အမှိုက်များနှင့် ရေဆိုးရေညစ် စွန့်ပစ်မှုများကို ထိထိရောက်ရောက် အရေးယူဖို့ လိုကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။

ထိုကဲသို့ အရေးယူမှုကို ကော်မတီတစ်ခုထဲ သာမကဘဲ သက်ဆိုင်ရာဌာနများဖြစ်သည့် စည်ပင်သာယာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဦးစီးဌာနများကလည်း ပါဝင်သင့်ကြောင်း ၎င်းက ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ စက်စဲကမ်းခြေ၏ အမှိုက် ပြဿနာသည် ပြည်နယ် ခရီးသွား လုပ်ငန်းနှင့် ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို စိန်ခေါ်နေသည်။

နီညိုရောင်သန်း၍ ဝင်လက်စ နေလုံးကြီးနှင့် အတူ ကမ်းခြေသို့ ခိုနားလာသည့် ရေလှိုင်းလေးများသည် စက်စဲကမ်းခြေ ညနေခင်းတိုင်းကို လှပစေသော်လည်း ကမ်းခြေအလှကို ကြည့်ရှုသူတိုင်း အမြင်အေးစေရန် လှပပေးဖို့ လိုအပ်လျက်ရှိနေသည့်အတွက် မကြာသေးမီက မွန်ပြည်နယ်အစိုးအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ဒေါက်တာအေးဇံ ဖြေဆိုရမည့် စာမေးပွဲတစ်ရပ်လည်းဖြစ်ပေသည်။

ဇော်ထိုက်ရေးသားသည်။

Leave a Reply