မော်လမြိုင်၊ ဧပြီ ၁၈ ။       ။ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြေနေရာချပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်ရွှေအောင်က ပြောဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ဧပြီ ၁၈ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝန်ကြီးချုပ် ပြောတာက ကျွန်တော်တို့ လုပ်ချင်တဲ့ စိုက်ပျိုးမြေကို သီးသန့်စာနဲ့ တင်ပြပေးရင် လုပ်ပေးမယ်လို့ ကတိခံခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရထံ တောင်းဆိုမည့် စိုက်ပျိုးမြေနေရာများကို ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြန်လည်တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ရွှေအောင်က ပြောကြားသည်။

ယင်းအပြင် ပြည်နယ်အစိုးရအနေဖြင့် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့များ၏ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုများ သက်သာချောင်ချိရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိတွင် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ပြည်နယ်အစိုးရ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်လျက်ရှိပြီး၊ မွန်ပြည်နယ် တည်ငြိမ်အေးချမ်းရေးသည် မွန်လူမျိုးတိုင်းတွင် တာဝန်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ တွေ့ဆုံမှုသည် အလွတ်သဘော တွေ့ဆုံမှုလည်း ဖြစ်နိုင်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဖိတ်ကြားချက်ကြောင့် လာရောက် တွေ့ဆုံရခြင်း ဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်ရွှေအောင်က ဆိုသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အခြေချ နေထိုင်ကြသည်။

ဇော်ထိုက်

Leave a Reply