Advertisements

ဘားအံ ၊ မေ ၂၄

ဆက်သွယ်ရေးအော်ပရေတာသစ် My Tel မှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ ဒေါ်နန်းပင်ပိုင် အိမ်ခြံဝင်းအတွင်း တာဝါတိုင် စိုက်ထူရန် မေလ ၂၁ ရက်၊ ညပိုင်းက ဆက်စပ်ပစ္စည်းများ လာရောက်ချထားခဲ့သည့် ကိစ္စအပေါ် ကျေးရွာသူ ရွာသားများနှင့်အတူ ကန့်ကွက်ကြောင်း တောင်ကလေးကျေးရွာနေ ဒေါ်မိုးမိုးအေးက ပြောသည်။

My Tel အနေဖြင့် အဆိုပါကိစ္စကို မည်သည့်ဒေသခံလူထုကိုမျှ ခေါ်ယူတွေ့ဆုံ၍ ရှင်းလင်းချပြခြင်းများ မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

” သူတို့ ဖုန်းတိုင်ပစ္စည်းတွေ လာချမှ ရွာသားတွေက သိတာ။ ဒါကြောင့် မပေးလုပ်ဘူး”ဟု ၎င်းက ဆိုသည်။

တာဝါတိုင်ဆောက်လုပ်ရန် လက်ခံသူ အိမ်ရှင်က အသိသက်သေအဖြစ် ယင်းအနီးတွင် နေထိုင်သော ဒေသခံ ၄ဦးအား လက်မှတ် ၃ကြိမ်တိတိ ထိုးခိုင်းသဖြင့် အုပ်ချုပ်ရေးမှူးရုံးတွင် တစ်ကြိမ်၊ ၎င်း၏အိမ်၌ ၂ကြိမ်ထိုးပေးခဲ့ရကြောင်း တောင်ကလေးကျေးရွာနေ ဒေါ်မိုကြည်က ပြောသည်။

” ဘာအတွက်ဆိုတာ မသိဘူး။ တစ်နေ့က သူတို့ကုမ္ပဏီက ပစ္စည်းလာချမှ သိတော့ ကျွန်မ အရမ်းကြောက်သွားတယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖုန်းတာဝါတိုင်ကြောင့် ကင်ဆာအပါအဝင် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း ဒေသအတွင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ဖုန်းတာဝါတိုင် ဆောက်လုပ်ရာ၌ ရပ်ကွက်/ကျေးရွာများမှ ဒေသခံ လူထု သဘောတူညီပါက ဆောက်လုပ်ခွင့်ရှိကြောင်း၊ သဘောတူညီမှု မရှိပါက လုပ်ခွင့်မပေးရန်ကို ပြည်နယ်အစိုးရအဖွဲ့မှ ညွန်ကြားထားကြောင်း ကရင် ပြည်နယ်ဆက်သွယ်ရေး မန်နေဂျာ ဦးဇော်မင်းထွန်းက ပြောသည်။

” အဓိက လေယာဉ်ပြေးလမ်း ကင်းလွတ်မှု မရှိရင်တော့ လုံးဝ လုပ်ခွင့် ပေးမရပါဘူး”ဟု ၎င်းက ဆိုသည်။

တာဝါတိုင်ဆောက်မည့် ကုမ္ပဏီ၌ ယင်းကို ဆောက်လုပ်ခွင့် လိုင်စင်ပါရှိရမည်ဖြစ်ကြောင်း၊ မလုပ်ဆောင်မီကာလအတွင်း ဒေသခံများဘက်မှ ကန့် ကွက်မှုရှိလာပါက နေရာပြောင်း ရွေးချယ်ရန်လိုအပ်ကြောင်း ဦးဇော်မင်းထွန်းက ဖြည့်စွက်ပြောသည်။

လုပ်ငန်းလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဌာနမှ မခေါ်ရသေးချိန်၌ ကုမ္ပဏီအနေဖြင့် မိမိသဘောဆန္ဒအရ လုပ်ငန်းစတင်ရန် တာဝါတိုင် ဆက်စပ် ပစ္စည်းများ လာရောက်ချထားမှုအပေါ် ဒေသခံတို့ဘက်မှ ကန့်ကွက်မည်ဆိုပါက ချက်ခြင်း ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ကော့ထောကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ခင်သက်မာဝင်းက ပြောသည်။

“ခု သူတို့လာလုပ်တာ တရားဝင်လည်း မဖြစ်သေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အိမ်ရှင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ဖြေကြားပေးခြင်းမရှိခဲ့ပေ။

ဘားအံမြို့ပေါ်ရှိ အဆိုပါကုမ္ပဏီရုံးသို့ သွားရောက်မေးမြန်းရာ၌ တာဝန်ခံ မရှိသေးကြောင်း တုံ့ပြန်ဖြေကြားခဲ့ပြီး တာဝန်ရှိသူအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရန်သာ ပြန်လည်ပြောဆိုခဲ့သည်။

စောအယ်လ်ဒီ – ကရင်ပြည်နယ်

Advertisements
<

Leave a Reply