National Enlightenment Institute မှ စီမံကိန်း ဒါရိုက်တာ ဒေါက်တာ ဟိန်းပိုင်ထူးချစ်

သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးစ် (ခေါ်) ခြင်ကျား ကိုက်ခံရခြင်းမှ ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ပြီး၊ အသက် သုံးနှစ်မှ ရှစ်နှစ်အကြားရှိ ကလေးသူငယ်များတွင် အများဆုံးဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်သော်လည်း လက်ရှိတွင် လူကြီးများ၌လည်း ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ရောဂါသည် မိုးများသည့် ဒေသများတွင် အများဆုံး ဖြစ်ပွားတတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ မွန်ပြည်နယ်သည် ဒုတိယအများဆုံးဖြစ်ပွားသည့် ပြည်နယ် တစ်ခုဖြစ်ရာ ပြည်နယ် ကျန်းမာရေးဌာနက သွေးလွန်တုပ်ကွေး ကာကွယ်တားဆီးမှု ပြုလုပ်မှုများနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ National Enlightenment Institute မှ စီမံကိန်း ဒါရိုက်တာ ဒေါက်တာ ဟိန်းပိုင်ထူးချစ်က သူ့အမြင်ကို ယခုလို ပြောကြားထားပါသည်။

“အဲဒီအပေါ်မှာ ကျန်းမာရေးဌာနရဲ့ ကမ်ပိန်းတွေ မမြင်ရဘူး၊ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ ရှိရင် မော်လမြိုင် နာရေးကူညီမှုအသင်း ခြင်ဆေးမှုတ်တာတွေ စလုပ်နေပြီး၊ ဆေးခတ်တာတွေ လုပ်နေပြီး၊ ကျန်းမာရေးဌာနအနေနဲ့က ကမ်ပိန်းတစ်ခုအနေနဲ့ မလုပ်ဆောင်ရသေးဘူးလို့ ကျွန်တော် ထင်တယ်၊ ဆေးခတ်တာနဲ့ ခြင်ဆေးမှုတ်တာတော့ မြင်နေရတယ် ပြည်သူတစ်ယောက်အနေနဲ့က ကမ်ပိန်းတစ်ခုလိ့ု မမြင်ရဘူး”ဟု သူ၏ အမြင်ကိုထုတ်ဖော်ပြောကြားသည်။

ယခင်နှစ်များက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်မှု အသိပညာ လုပ်ငန်းများ ကျန်းမာရေးဌာနအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ပြုလုပ်မှု အားနည်းကြောင်း သူက ထောက်ပြခဲ့သည်။

“ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်၊ အရင်တုန်းကလို ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်တာ ပုံစံမျိုးတွေ ရပ်ရွာထဲမှာ ပညာပေးလုပ်တယ်ဆိုတဲ့ဟာမျိုးတွေ တော်တော်လေးတွေ့ ရတယ်၊ အခုနောက်ပိုင်း နည်းနည်းလေး နည်းနေသလို ခံစားရတယ်”ဟု သူက အားမလိုအားမရပြောပါသည်။

ခြင်ဆေးဖျန်းခြင်းကြောင့် ခြင်များယာယီအနေအထားအရ ပျောက်ကွယ်သွားသော်လည်း ရေရှိသည့် နေရာများမှ ပိုးလောက်လန်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပြန်လည် ပေါက်ဖွားလာတတ်သည့်အတွက်ကြောင့် ပိုးလောက်လန်းတို့၏ အန္တရာယ်ကို ကာကွယ်ရန် ရေရှိတတ်သည့် နေရာများကို ပုံမှန် ရေလဲပေးခြင်းများ ဆောင်ရွက်နိုင်သည်။

“အိမ်တွေမှာ ပန်းအိုးတွေ ရှိသလား၊ ရေလဲသလား မလဲဘူးလား၊ ကြောင်အိမ်အောက်ကခံတဲ့ခွက်တွေကို ဂရုစိုက်သလား မစိုက်ဘူးလားဆိုတာ ကျန်းမာရေးဌာနက လူတွေရဲ့ နားထဲရောက်အောင် ထပ်ပြောပြဖို့ လိုမယ်၊ ဒါနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလာတယ်လို့ မခံစားရဘူး”ဟု ဒေါက်တာ ဟိန်းပိုင်ထူးချစ်က ဆိုသည်။

သွေးလွန်တုပ်ကွေး ရောဂါအတွက် အသိပညာပေး လုပ်ငန်းများကို မီဒီယာများဖြင့် လည်းကောင်း၊ ရပ်ကွက်များတွင် လူစု၍ ဟောပြောခြင်းဖြစ်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်းလည်း အကြံပြုပါသည်။

စာသင်ကျောင်းများတွင် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ကျောင်းပတ်ဝန်ကျင်းရှိ နေအိမ်တို့မှ ပေါက်ဖွားသည့် ခြင်များကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ကင်းစင်သည့် ကျောင်း တစ်ကျောင်း မဖြစ်နိုင်သည့်အတွက် ကျောင်း ပတ်ဝန်းကျင်ရှိနေအိမ်များကိုပါ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်း အကြံပြုချက်မှာ ဖြစ်နိုင်ခြေရှိသော ချဉ်းကပ်မှုတစ်ရပ်ဖြစ်သည်။

အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထူ ပူးပေါင်း ပါဝင်ရန်အတွက် ရောဂါအကြောင်းကို တစ်ကြိမ်သာ မဟုတ်ဘဲ ကြိမ်ဖန်များစွာ ပြောပြဆွေးနွေးပြီး လုပ်ဆောင်သွားရန်နှင့်

အဆိုပါလုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်း ဆရာ ဆရာမများကို အသုံးပြုသင့်ကြောင်း၊ ယင်းမှ တစ်ဆင့် နေအိမ်တိုင်းမှ ပြည်သူများ ပါဝင်လာအောင် စည်းရုံး လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အိမ်တိုင်ရာရောက် အသိပညာပေးခြင်းသည် များစွာအကျိုးရှိနိုင်ကြောင်း သူက ပြောသည်။

“ပြည်သူလူထု ပါလာအောင် ပြည်သူလူထုကလည်း ဒီဟာတွေ သိဖို့လိုမယ်၊ သူတို့ သိဖို့ကလည်း လုပ်ပေးရမယ့် လူတွေမှာ တာဝန်ရှိတယ်၊ ကျန်းမာရေး ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်၊ လူတွေက တစ်ခုခုဖြစ်ပြီဆိုရင် မကောင်းတဲ့ ဘက်ကပဲ ကြည့်ဖြစ်တယ်၊ ပြည်သူတွေက ဒီကျန်းမာရေး ဝန်ထမ်းတွေက သူတို့ဟာ သူတို့ရောဂါကို နိုင်အောင် မကုနိုင်ဘဲနဲ့ လို့ ပြောကြတယ်၊ ပြည်သူလူထုကလည်း ပါဝင်ပူးပေါင်းဖို့ လိုတယ်”
သွေးလွန်တုပ်ကွေး ရောဂါ ပျောက်ကင်းရေးအတွက် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် များစွာ အရေးကြီးနေခြင်းကြောင့် ရောဂါဆိုးကျိုးများကို ကျန်းမာရေးဌာနက ပြည်သူလူထု နားထဲကို အဆက်မပြတ် ထည့်ပေးနေပါက ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ ဟိန်းပိုင်ထူးချစ်က အကြုံပြုပြောဆိုသည်။

Written by – ဇော်ထိုက်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်