Advertisements

ရေး၊ ဖေဖော်ဝါရီ ၁

တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်း မဟုတ်သည့်အပြင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် တစ်ခုလည်း မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့၌ မွန်ပြည်သစ်ပါတီက ထုတ်ပြန်လိုက်သည်။

၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်မှာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူးရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးသည်သာ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

This slideshow requires JavaScript.

မွန်ပြည်နယ်အအနေဖြင့် NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းရန်နှင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိိုင်ရန် အခွင့်အလမ်းတစ်ခုမျှသာဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

“ဒီနိုင်ငံက တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးပြဿနာဖြေရှင်းတာက အရမ်းအရေးကြီးတယ်။ အခြားတိုင်းရင်းသားတွေအပါအဝင်ပေါ့ သူတို့တစ်ဖက်တည်းပဲ လုပ်နေတာကို ကြည့်နေလို့မရဘူး။ ကျွန်တော်တို့လည်း ပါဝင်လုပ်ရမယ်”ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆိုသည်။

ထို့အပြင် ၎င်းတို့၏ ရည်မှန်းချက်အတိုင်း ဘဝတူ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် အတူတကွလက်တွဲ၍ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

NCA စာချုပ် အခြေခံသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကို NLD အစိုးရမှ ကျင်းပသွားရန် ရှိနေ၍ မိမိတို့ အမျိုးသားလိုအပ်ချက်များ တင်ပြနိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပသွားရန်လည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံငြိမ်းချမ်းစေရေးအတွက် စစ်ရေးနည်းနှင့် အင်အားသုံးဖြေရှင်းခြင်း မပြုဘဲ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ရသည်အထိ စိတ်ရှည်လက်ရှည်ထားပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားကြရန် တိုက်တွန်းကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။

မွန်ပြည်သစ်ပါတီသည် နိုင်ငံရေး ဆွေးနွေးပွဲ တက်လှမ်းနိုင်ရန်အတွက် လာမည့် ဖေဖော်ဝါရီလလယ်မှာ NCA လက်မှတ်ရေးထိုးဖို့ စီစဉ်ထားသည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply