Advertisements

မော်လမြိုင်၊ မေ ၃

အစိုးရ နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ အနေနှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ရေး အတွက်မည့်သည့် နည်းလမ်း ဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည် ကို မေလ၂ ရက်နေ့က ကျင်းပသော မွန်ပြည်နယ် လွှတ်တော်တွင် ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က မေးခွန်း မေးမြန်းခဲ့သည်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့အကြား NCA စာချုပ် အပိုဒ် ၂၅၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၆) အရ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်းပြီတော့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမည်နည်း၊ ဘယ်လိုရှေ့ဆက်ပြီး ချိတ်ဆက်ဆောင်ရွက်ကြမည်ကို ဖြေကြာ းပေးဖို့ မေးမြန်းတာဖြစ်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ယင်း ကိစ္စမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့်ဆက်ဆိုင်သောကြောင့် နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကိုတင်ပြပြီးမှသာ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

မွန်ပြည်သစ်ပါတီက မုဒုံမြို့ အဘစ်- ခလယ်တံခွန်တိုင်ကျေးရွာချင်းဆက် ကားလမ်း၌ မော်တော်ယာဉ်/ ဆိုင်ကယ်များကို စစ်ဆေးခဲ့ရာ အောင်ထက်ဇော်ပါ ၈ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၈ ပြားနှင့် ဘိန်းစာရွက် ၄ ပိဿာခန့်တို့ကို ရှာဖွေတွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးမှုကြောင့် မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မွန်ပြည်သစ်ပါတီ အနေနှင့် NCA သဘောတူစာချုပ် အရ သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာခွင့် မပြုရေး၊ နယ်ဘက်ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှု မပြုလုပ်စေရေး၊ ဖမ်းဆီးထားသူများကို ဥပဒေအရ အရေးယူနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အမြန်အပ်နှံ ဆောင်ရွက်သွားရန်နှင့် အဆိုပါလုပ်ရပ်အား ကန့်ကွက်ကြောင်း စာပေးပို့ခဲ့သည်။

Written by ဟင်္သာမီဒီယာ

Leave a Reply