Advertisements

မော်လမြိုင်၊ သြဂုတ် ၁

တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားမှု တစ်နှစ်ကျော်နေပြီးဖြစ်သော်လည်း မွန်ပြည်သစ်ပါတီ (NMSP) သည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCs)တွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“အဲဒီအကြောင်းလည်းပဲ ကျွန်တော်တို့ ဆက်မဆွေးနွေးဖြစ်တာကြာပြီးလေ၊ ကျွန်တော်တို့ တောင်းဆိုထား တာက JMCs အဆင့်ပေါ့နော်၊ အဲဒီမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အဲဒီမှာပေါ့လေ ကျွန်တော်တို့ အားလုံးပါဝင်ခွင့်ရဖို့ တောင်းဆိုထားတာ၊ တပ်မတော်ဘက်က မွန်ပြည်နယ်တစ်ခုတည်းကိုပဲ သဘောတူထားတဲ့အနေအထားရှိတော့ လက်သင့်မခံနိုင်သေးဘူး။ အားလုံးပါနိုင်အောင်တော့ ကျွန်တော်တို့ အဆိုပြုထားခဲ့ပါပြီး”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ပြည်နယ်/တိုင်းဒေသကြီးအဆင့် အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCs) တွင် ပါဝင်နိုင်ခြင်း မရှိသေးသော်လည်း အောက်ခြေတွင် ပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့ပါက ပါတီဆက်ဆံရေးရုံးတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ၎င်းက ရှင်းပြသည်။

၁၉၉၅ ခုနှစ်ကတည်းက စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲရေးသဘောတူညီချက်အရ ကရင်ပြည်နယ် တွင် တပ်ရင်း (၃) ရင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှာ တပ်ရင်း (၂) ရင်းဖြင့် အခြေစိုက်လှုပ်ရှားခွင့် ရရှိခဲ့သော မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ် JMCs တစ်ခုတည်းမှာသာ တပ်မတော်ဘက်က ပါဝင်ခွင့်ပြုထားကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCs) တွင် ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMCs တွင် ပါဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါ တစ်ဆို့နေမှုများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (UPDJC) တွင် ရှင်းလင်းသွားမည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း လက်ရှိအချိန်တွင် မည်သူမှ မစနိုင်သေးသောကြောင့် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ဆိုထားသည်။

တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မရေးထိုးခင်ကတည်းက သိမ်းဆည်းခံထားရသည့် မွန်ပြည်သစ်ပါတီ ဂိတ်နေရာနှစ်ခုကိုလည်း တပ်မတော်မှ မွန်ပြည်သစ်ကို ပြန်လည်လွှဲပြောင်းမှု မပြုရသေးကြောင်း သိရသည်။

ရွှေရိုး

Advertisements
<

Leave a Reply