မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်နိုင်သည့် အဖွဲ့အစည်းများဖြင့်သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

“NCA အပေါ်မှာ အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရပ်တည်ချက် ပြောင်းလဲသွားတယ်။ အာလုံး ပါဝင်ရေး ရပ်တည်ချက်ကနေ အခုပြောင်းသွားပြီး။ ပါဝင်နိုင်တဲ့ အဖွဲ့လောက်ပဲ ကျွန်တော်တို့ လက်မှတ်ထိုးသွားမယ်၊ အဲဒါကို ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ညီညွတ်သော တိုင်းသားရင်းများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့အချို့သည် NCA လက်မှတ်ထိုး တော့မည်မဟုတ်ဘဲ မိမိဘာသာ ရပ်တည်ကြမည်ဖြစ်သောကြောင့် ကျန်ရှိနေသည့် အဖွဲ့ဝင်များကို မိမိတို့နှင့် အတူ လက်မှတ်ထိုးနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က NCA ကို ပန်းတိုင်တစ်အခုအဖြစ် မမြင်ထားဘူး။ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိနေတယ်။ ကျွန်တော်တို့ လိုချင်တာက နိုင်ငံရေးဆွေးနွေးပွဲ၊ ဒီ NCA ကို ဖြတ်ကျော်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ သွားလို့ရမယ်ဆိုရင် ဒါလည်း ကျွန်တော်တို့ ဖြတ်မှာပဲ၊ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ပဲ”ဟု နိုင်ဝင်းလှက ထပ်လောင်းပြောကြားသည်။

မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးရပ်တည်ချက်သည် တိုင်းရင်းသားများနှင့်အတူ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေသောကြောင့် တိုင်းရင်းသားအားလုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံကနေတစ်ဆင့် နိုင်ငံရေး အပြောင်းအလဲကို ဖန်တီးသွားစေလိုကြောင်း မွန်ပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက် (CSO Network) ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ဆိုသည်။

“နိုင်ငံရေးအပြင်စည်းမှာ ကျွန်တော်တို့ နေတဲ့အခါကျတော့ တကယ်တမ်း လက်တွေ့ကျကျ အကောင်အထည် ဖော်တဲ့အခါကျတော့ ကျွန်တော်တို့ လက်လှမ်းမမှီတာ ဖြစ်သွားတတ်တာပေါ့။ ကျွန်တော်အနေနဲ့ ဒဲ့ပဲပြောရရင် မွန်ပြည်သစ်ပါတီက ဒီအချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ သင့်တယ်လို့ ယူဆတယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးချုပ် NCA လက်မှတ်ရေးထိုးလိုက်မည်ဆိုပါက မွန်တိုင်းရင်းသားများအပေါ်တွင် ငြိမ်းချမ်းရေးတစ်ခုအဖြစ် အထိုက်အလျောက် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့သော် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးလိုက်သည့်အတွက် အားလုံးပါဝင်ရေးမူကို စွန့်လွှတ်လိုက်ရမည် ဖြစ်ကြောင်း မွန်လူငယ်ပညာပေးရေးလူငယ်အဖွဲ့ မင်းစိုးမြင့်က မှတ်ချက်ပြုပြောဆိုသည်။

“အားလုံး မပါဝင်လာနိုင်ဘူးဆိုရင် တိုင်းရင်းသားတွေကြားမှာ ကျန်ခဲ့တဲ့လူက ကျန်ခဲ့တယ်၊ ရှိနေတဲ့လူတွေက ရှိနေတယ်။ အထဲရောက်တဲ့လူတွေ ရောက်နေတယ်ဆိုရင် ကျန်ခဲ့တဲ့လူတွေအတွက် NCA ထိုးဖို့ သူတို့ကို လမ်းကြောင်း ဖွင့်ထားပေးဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်လူမှုအဖွဲ့အစည်းများ ဆွေးနွေးခဲ့သည်မှာ အမြင်ကွဲလွဲမှု မရှိကြောင်းနှင့် မွန်လူမျိုးများအားလုံး ရှင်းရှင်းလင်းလင်း သိရှိနိုင်စေရန် မြို့နယ်အဆင့်တွင်လည်း ဆက်လက်ရှင်းပြသွားမည် ဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

မတ် ၂၂ ရက်က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ နိုင်ရွှေကျင်စာကြည့်တိုက်တွင် မွန်သံဃာတော်များ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်လူမှုအဖွဲ့အစည်းများကို တွေ့ဆုံပြီး မွန်ပြည်သစ်ပါတီ အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်နိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်နက်ကိုင်အဖွဲ့ဝင် အဖွဲ့ရှစ်ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

Written by – ရွှေရိုး

Leave a Reply