Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၂၈

တစ်နိုင်ငံတစ်လုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေး ထိုးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်က မွန်ပြည်သစ်ပါတီ (NMSP) လူမှုကွန်ယက် ဖော့စ်ဘုတ် စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသတင်း ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၆ ၊ ၂၇ ရက်တို့တွင် ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့သည့် ပါတီဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

 

ထုတ်ပြန်ချက်၌ လက်မှတ်ရေးထိုးမည့် နေ့ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း ကျန်ရှိနေသေးသည့် စီစဉ်ဆောင်ရွက်ချက်များကို ဆောင်ရွက်ပြီးပါက အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ကို ရေးထိုးသွားမည်ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်အောင်မငေးကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းရာတွင်“ကျွန်တော်တို့က သတင်းထုတ်ထားတဲ့ အတိုင်းပဲ”ဟု အတည်ပြု ပြောကြားခဲ့သည်။

ပါတီဗဟိုဌာနချုပ်၌ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး အခြားအဖွဲ့အစည်းများနှင့်အတူ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် နည်းလမ်းရှာဖွေသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်က ရေးမြို့နယ်၊ ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး(ငြိမ်း)၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နိုင်လယိဂကောင်း၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဗညာလာတို့ တွေ့ဆုံခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသည့် အဖွဲ့လည်း ဖြစ်သည်။

UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) တို့ ပါဝင်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply