ကယ်လီဖိုးနီးယား မေ ၂၀

Nike, Under Armour, Adidas, Foot Locker စသည့် နာမည်ကြီးဖိနပ်ကုမ္ပဏီ ၁၇၀ကျော်က တရုတ်မှတစ်ဆင့် တင်သွင်းသည့် ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ပေါ့ပေးရန် အိမ်ဖြူတော်မှတစ်ဆင့် သမ္မတထရန့်ထံသို့ အသနားခံစာ စုပေါင်းပေးပို့ခဲ့ကြသည်။

အမေရိကန်နိုင်ငံသို့ တရုတ်မှတင်ပို့လာသည့်မည်သည်ကုန်ပစ္စည်းမဆို ပစ္စည်းတန်ဖိုး၏ ၂၅ရာခိုင်နှုန်းအခွန်ကောက်ရန် သမ္မတထရန့်က ပြီးခဲ့သည့် လက သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံကလည်း အမေရိကန်ပို့ကုန်များကို အခွန်တိုးမြှင့်ခဲ့သည်။

စုပေါင်းစာပို့ကြသည့် ဖိနပ်ကုမ္ပဏီများအားလုံးသည် အမေရိကန်အခြေစိုက်ကုမ္ပဏီများ ဖြစ်ကြသော်လည်း ထုတ်လုပ်မှုစရိတ် သက်သာသည့် အတွက် တရုတ်အပါအဝင် အာရှနိုင်ငံ အတော်များများတွင် ဖိနပ်ထုတ်လုပ်ကြလေ့ရှိသည်။

သမ္မတထရန့်၏ အခွန်တိုးမြှင့်မှုသည် တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲကြောင့်ဟု သတိပြုမိသော်လည်း အမေရိကန်အခြေစိုက် လုပ်ငန်းများ၏ ထုတ်ကုန်များအပေါ်တွင်ပါ သက်ရောက်နေကြောင်း စာတွင် ထည့်သွင်းဖော်ပြထားသည်။

အခွန်တိုးမြှင့်မှုကြောင့် သာမန်ဖိနပ်တစ်ရံ၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၉ဒေါ်လာကျသင့်ရာမှ အခွန်ဖြင့် ပေါင်းလိုက်သောအခါ ၆၅ဒေါ်လာကျသင့်သွားပြီး မူလတန်ဖိုး ၁၉၀တန်ဖိနပ်သည် ၂၅၀ဒေါ်လာ ကျသင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် ဖိနပ်ကုမ္ပဏီများ၏ ထုတ်ကုန်များကိုမူ အခွန်တိုးမြှင့်မှုမလုပ်သင့်ကြောင်း ဖိနပ်ကုမ္ပဏီများက စုပေါင်းတင်ပြခဲ့ပြီး အိမ်ဖြူတော်ဘက်မှ တုံ့ပြန်ခြင်းမရှိသေးပေ။

အမေရိကန်အခြေစိုက် ဖိနပ်နှင့် အိတ်လုပ်ငန်းများသည် အလုပ်သမားခ ၁၁ရာခိုင်နှုန်းမက သက်သာသည့် တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းများကိုအများဆုံးထုတ်လုပ်လေ့ရှိပြီး အမေရိကန်အပါအဝင် ဥရောပနိုင်ငံများသို့ တင်ပို့လေ့ရှိသည်။

၂၀၁၈ခုနှစ်စာရင်းအရ တရုတ်နိုင်ငံတွင်ထုတ်လုပ်ကာ အမေရိကန်သို့ ပြန်လည်တင်ပို့သည့် ထုတ်ကုန်တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ကျော်ရှိကြောင်း သိရသည်။

Ref: CNBC

Leave a Reply