ဓာတ်ပုံ - မွန်ညီညွတ်ရေးပါတီ ၊ ဗဟို။

မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ၊ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် နိုင်လယိတမနှင့် တွေ့ဆုံမေးမြန်းချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အနေနဲ့ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာပဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ် ထွန်းလာရေး လက်တွဲဆောင်ရွက်ရန်ဆိုတဲ့ ဖိတ်ခေါ်ချက်တစ်ရပ် တိုင်းရင်းသားပါတီတွေဆီ ကမ်းလှမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာ စောင့်ကြည့်ရမယ့် NLD ရဲ့ ခြေလှမ်းအဖြစ် နိုင်ငံရေးလေ့လာသူအသိုင်းအဝိုင်းက သုံးသပ်ထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ၂၀၂၁ နှစ်သစ်ကူးချိန်မှာပဲ NLD က စတင်လိုက်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးအဖွဲ့အနေနဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တာဝန်ပေးအပ်ထားတာပါ။ ဒီအဖွဲ့ဟာ ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ခြေလှမ်းစ ဆွေးနွေးခဲ့ပြီး နောက်နှစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်မှာတော့ မွန်ပြည်နယ်ကို ခရီးဆက် ရောက်ရှိလာခဲ့ပါပြီ။

သူတို့ရဲ့ ကချင်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးမှုမှာ အငြင်းပွားမှု တစ်ရပ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်နယ်တွင်း အနိုင်ရတိုင်းရင်းသားပါတီ သုံးခုနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီက အနိုင်ရ ကိုယ်စားလှယ်သုံးဦး ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားရောက်တွေ့ဆုံမှုဟာ ပါတီကို ကိုယ်စားပြု မပြု ပါတီတွင်း သဘောထားကွဲလွဲခဲ့ပါတယ်။ သူတို့ သုံးဦးဟာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်အရ သွားရောက်တွေ့ဆုံတာ မဟုတ်ဘူးလို့ ပါတီ ဒု ဥက္ကဋ္ဌက ပြောဆိုခဲ့တာပါ။

ဒီကနေ့မှာတော့ တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံဆွေးနွေးမယ့် NLD ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဒုတိယခြေလှမ်းအနေနဲ့ ရောက်ရှိနေပါပြီ။

ရွေးကောက်ပွဲမှာ ပြည်နယ်တွင်း အနိုင်ရကိုယ်စားလှယ် ၁၁ နေရာ ရှိထားတဲ့ မွန်ညီညွတ်ရေးပါတီကတော့ NLD ကမ်းလှမ်းချက်အတိုင်း တွေ့ဆုံကြမယ့် ရက်စွဲနဲ့ အချိန်ကို လက်ခံပေမဲ့ နေရာကိုတော့ တတိယနေရာ ရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။ NLD ဘက်ကတော့ တတိယနေရာကိစ္စနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားချိန်မတိုင်ခင် ၁၂ နာရီအလိုအထိ အကြောင်းပြန်လာတာ မရှိခဲ့ဘူးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

တွေ့ဆုံဆွေးနွေးမယ့် နေရာ အတည်မပြုနိုင်သေးမီကာလ၊ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားချိန် ၁၂ နာရီအလို ဇန်နဝါရီ ၃ ရက် ညပိုင်းမှာ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ ရွေးကောက်ခံအမတ် နိုင်လယိတမကို ဟင်္သာမီဒီယာက အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

ဓာတ်ပုံ – မွန်ညီညွတ်ရေးပါတီ ၊ ဗဟို

ဟင်္သာမီဒီယာ – မနက်ဖြန် ဇန်နဝါရီ ၄ ရက်မှာ တွေ့မယ့်ကိစ္စက အချိန်ကတော့ ၉ နာရီဆိုတာသေချာတယ်၊ ဒါပေမဲ့ နေရာကတော့ မသချောသေးဘူးလို့ သိရပါတယ်။ နေရာနဲ့ပတ်သက်ပြီးတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လိုမျိုး ဆုံးဖြတ်ထားတာ ရှိပါသလဲ။

နိုင်လယိတမ – NLD က တွေ့ဆုံဖို့ကိစ္စကို မနေ့ (ဇန်နဝါရီ ၂) က မွန်းလွဲ ၁ နာရီခွဲလောက်က တွေ့ဆုံရေးကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်ပေးအပ်ချက်အရ ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ဆက်သွယ်လာပါတယ်။ သူတို့က ကျွန်တော်တို့ပါတီနဲ့ ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ သူတို့ရဲ့ ပြည်နယ်ပါတီရုံးမှာ တွေ့မယ်လို့ ကမ်းလှမ်းလာတယ်။ အဲဒီမှာ ကျွန်တော် ပြောလိုက်တာက ကချင်ပြည်နယ်ရဲ့ အတွေ့အကြုံအရ အခြေခံပြီးတော့ ရှင်းရှင်းလင်းလင်း တိတိကျကျပဲ အကြောင်းပြန်လိုက်တယ်။ NLD က လာတွေ့မယ့် ကိုယ်စားလှယ်တွေကို ကျွန်တော်တို့က အပြုသဘောနဲ့ ကြိုဆိုတယ်။ ဝမ်းလည်း သာတယ်။ သို့သော် ကျွန်တော်တို့ဘက်က တွေ့ဆုံမယ့် ပုဂ္ဂိုလ်တွေက ပါတီကိုယ်စားပြုပြီး သွားမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်။ အနိုင်ရကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ ပါတီက စေလွှတ်ပြီးတော့ တွေ့မှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းပဲ ပြောလိုက်ချင်ပါတယ်လို့ ဒီတစ်ချက် ကျွန်တော်ပြောလိုက်တယ်။

နောက် ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ တွေ့ဆုံကြဖို့ကိုတော့ ကျွန်တော်တို့က သဘောတူတယ်။ ဒါပေမဲ့ တစ်ခု မေတ္တာရပ်ခံချင်တာက အကယ်၍ NLD ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ ပါတီရုံးမှာ လာပြီးတော့ တွေ့ဆုံမယ်ဆိုရင် ကြိုဆိုတယ်။ သို့သော် ကျွန်တော်တို့ ရုံးကို လာဖို့ အခက်အခဲရှိမယ်ဆိုရင် ကြားနေရာ၊ တတိယနေရာ တစ်နေရာမှာ တွေ့ဆုံချင်ပါတယ်ဆိုပြီး ကျွန်တော်တို့က မေတ္တာရပ်ခံခဲ့တယ်။ အဲဒီ မေတ္တာရပ်ခံချက်က မနေ့က အပြန်အလှန်စကားပြော ဖုန်းနဲ့ ဆက်သွယ်ရာမှာ ကျွန်တော်တို့ နောက်ဆုံး တတိယအကြိမ်အထိ အဲဒီလို တွေ့ဖို့ ထပ်လောင်းမေတ္တာရပ်ခံပါတယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်။ မနေ့ ညနေ ၄ နာရီ နောက်ပိုင်းကနေ စပြီးတော့ အခုလက်ရှိအချိန်ထိ တတိယနေရာမှာ သူတို့က လက်ခံဆွေးနွေးမလား၊ မဆွေးနွေးဘူးလားဆိုတာကတော့ ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က တရားဝင် အကြောင်းပြန်လာခြင်း မရှိသေးဘူး။

ဟင်္သာမီဒီယာ – တွေ့ဆုံကြဖို့ NLD က ကမ်းလှမ်းလာတဲ့အခါမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ တတိယနေရာမှာ တွေ့ဆုံဖို့ ဘာကြောင့် တုန့်ပြန်တောင်းဆိုဖြစ်တာပါလဲ။

နိုင်လယိတမ – အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု၊ ပါတီ တစ်ခုနဲ့ တစ်ခု တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာက နိုင်ငံတကာမှာရော ကျွန်တော်တို့ နိုင်ငံမှာပါ အများအားဖြင့် အတော်များများ အားလုံးလိုလိုက ကြားနေရာ၊ တတိယနေရာတစ်ခုမှာပဲ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အခုလို ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံတာကတော့ ကျွန်တော်တို့ တစ်ဖက်သတ် မကျဘူးလို့ပဲ ခံယူပါတယ်။ ပါတီအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာ ရွေးချယ်ဖို့ တောင်းဆိုတာပါ။ ဒါကြောင့်မို့ ဒါဟာ တစ်ဖက်သတ် မကျဘူးလို့ ကျွန်တော်တို့ ဒီလိုပဲ ခံယူပါတယ်။

ဟင်္သာမီဒီယာ – ကချင်ပြည်နယ်အတွေ့အကြုံအပေါ် မူတည်ပြီးတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ စဉ်းစားတယ်ဆိုတော့ ကချင်ပြည်နယ်မှာက ဘယ်လိုမျိုး သုံးသပ်စရာ တွေ့ထားရလို့ပါလဲ။

နိုင်လယိတမ – ကျွန်တော်တို့ ကြားရသလောက်ပေါ့နော်၊ ကျွန်တော်တို့ KSPP (ကချင်ပြည်နယ်ပြည်သူ့ပါတီ) ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် သိရှိထားချက်အရဆိုရင် ကချင်ပြည်နယ်မှာ NLD က စတင်ဖိတ်ခေါ်ကတည်းက ပါတီကို မဖိတ်ခေါ်ဘဲနဲ့ အနိုင်ရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲသွားတာပေါ့။ နောက်တခါ ကျွန်တော် ပြောချင်တာက မူလ NLD ရဲ့ ထုတ်ပြန်ချက်မှာ ၄၈ ပါတီကို ပို့တဲ့ စာထဲမှာလည်း ပါတီနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အချက်က ပါပြီးသားဆိုတော့ ခုက ပါတီနဲ့ မဆွေးနွေးဘဲနဲ့ အနိုင်ရကိုယ်စားလှယ်ကို ဆွေးနွေးလိုက်တာ အနာဂတ်ဆက်ဆံရေးအတွက် သိပ်တော့ မကောင်းဘူးပေါ့။ ဖြစ်သင့်တာက တစ်ပါတီနဲ့ တစ်ပါတီ အပြန်အလှန် လေးစားမှုကို အခြေခံပြီးတော့ မူလ ထုတ်ပြန်ထားတဲ့အတိုင်း ပါတီနဲ့ တွေ့သင့်တယ်လို့ပဲ ကျွန်တော်တို့က မှတ်ယူပါတယ်။

ဟင်္သာမီဒီယာ –  NLD နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်လောင်း ပြောလိုတာရှိရင် ပြောပြပေးပါဦး။

နိုင်လယိတမ – NLD ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ကိစ္စအပေါ် ဒီနေ့လည်း ကျွန်တော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ခုနက ပြောတဲ့ တတိယနေရာမှာ တွေ့မယ်ဆိုပြီးတော့ အဲဒီအတိုင်းပဲ မူလရပ်တည်ချက်က မပြောင်းလဲဘူး။ တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒက ကျွန်တော်တို့ဘက်မှာ အပြည့်အဝ ရှိတယ်။ ဆွေးလည်း ဆွေးနွေးချင်တယ်။ တွေ့လည်း တွေ့ချင်တယ်။ သို့သော် အပြန်အလှန် လေးစားမှု၊ ပါတီချင်း တန်းတူသဘောထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာ အဆိုပြုထားတာကို လက်ရှိအချိန်ထိ အကြောင်း မပြန်လာတဲ့အခါကျတော့ ကျွန်တော်တို့လည်း လောလောဆယ် နားမလည်နိုင်သေးဘဲ ဖြစ်နေတဲ့ အခြေအနေတွေ ရှိတယ်။ နောက်တစ်ချက်၊ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘာကို ဆွေးနွေးမလဲဆိုတာ ကျွန်တော်တို့ ဒီကနေ့ CEC အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ဖြစ်ပါတယ်။

ချုပ်ပြီး ပြောရမယ်ဆိုရင် NLD နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ၄၈ ပါတီအပေါ် NLD ပေးပို့တဲ့ အိတ်ဖွင့်ပေးစာပါ (တစ်)အချက်က အနာဂတ်နိုင်ငံအတွက် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဘုံသဘောထား တစ်ရပ် ရအောင် ဆွေးနွေးမယ်လို့ သူတို့ ပြောထားတယ်။ နောက် တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို အလေးထားမယ်ဆိုတဲ့ သူတို့ ပေးပို့လာတဲ့ စာအပေါ် အခြေခံပြီး ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးမှာ စဉ်းစားတယ်၊ ဆွေးနွေးတယ်။

သူတို့ကမ်းလှမ်းလာတဲ့ စာအပေါ် ဆွေးနွေးလိုက်တဲ့အခါ သူတို့နဲ့ ကျွန်တော်တို့ တွေ့ဆုံရင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အဓိကကျတဲ့ နိုင်ငံရေးအချက်အလက်တွေကိုပဲ ကျွန်တော်တို့ ဆွေးနွေးမယ်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် အဓိကကျတဲ့ အချက်အလက်ဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို ဆွေးနွေးတဲ့နေရာမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံဖို့ လိုတယ်။

နောက်တစ်ချက်က ၁၉၄၇ မေ ၂၃၊ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဖဆပလ ပဏာမညီလာခံက သဘောတူ ဆုံးဖြတ်ထားတဲ့ အခြေခံမူ ၁၄ရပ်ကို အခြေခံရမယ်။ အဲဒါနဲ့ တစ်ဆက်တည်း ၁၉၄၇ ဇွန် ၁၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ သဘောတူ ချမှတ်ခဲ့တဲ့ အခြေခံမူ ၇ ချက် ရှိတယ်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ စဉ်းစားမယ်ဆိုလို့ရှိရင် ဒီ အချက်အပေါ်မှာ အခြေခံပြီး စဉ်းစားဖို့ လိုတယ်။ ကျွန်တော်တို့က ဒီအပေါ်မှာ ရပ်တည်ပြီးတော့ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

ဟင်္သာမီဒီယာ

Leave a Reply