Advertisements

ဘားအံ၊ ဇန်နဝါရီ

ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စု၊ ကော့ဒိုင်းကျေးရွာ၌ ဇန်နဝါရီ ၁၁ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်အချို့က NLD ရပ်ကျေး ဥက္ကဌ ဦးအောင်ပြည့်သိန်းကို ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကိစ္စနှင့်ပတ်သက်၍ သဘောထားကွဲလွဲရာမှ ဝိုင်းဝန်းထိုးကြိတ်ပြီး နယ်ခြားစောင့်တပ် (BGF )လက်နက်ကိုင်လုံခြုံရေး ကင်းစခန်းသို့ ခေါ်ဆောင်ကာ ဖမ်းဆီး ထိတ်တုံးခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

NLD ရပ်ကျေး ဥက္ကဌအနေဖြင့် အဆိုပါသင်တန်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရယူဘဲ တက်ရောက်ခဲ့သည်ဟုဆိုကာ ကျေးရွာအပြန်၌ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်အချို့က ယင်းသို့ဝိုင်းဝန်းထိုးကြိတ်ပြီး နောင်လုံတောင်ကြား၊ ဘားအံ မြို့ရှောင်လမ်း တောင်ကြားအနီးရှိ BGF စခန်းသို့ ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ထိတ်တုံးခတ် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ကျနော် သင်တန်းက ပြန်လာတော့ လမ်းမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ထိုးတာခံရတယ်။ ဒီအတိုင်းခံနေမယ်ဆိုရင် ဆက်ပြီးတော့ နာဦးမှာပဲဆိုပြီးတော့ ကျနော် ထွက်ပြေးသွားတာ ၊ နောက်က ကားနဲ့ လိုက်ဖမ်းတယ်။ ကားနဲ့ လိုက်တင်ပြီးတော့ BGF ဂိတ်မှာ ကျနော်ကို ခေါ်ပြီးတော့ သူတို့စခန်းထဲက ထိပ်တုံးထဲမှာ ထည့်ထားပါတယ်။နောက်တော့ အိမ်ကိုအကြောင်းကြားပြီး ကျနော့်ကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ရပ်ကျေး NLD ဥက္ကဌ က ပြောသည်။

နောင်လုံနှင့် အိန္ဒု NLDပါတီဝင်များမှတဆင့် ပြည်နယ်အဆင့် ပါတီတာဝန်ရှိသူများထံအကြောင်းကြားမှုကြောင့် ယင်းည ၇ နာရီခန့်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာခဲ့ကြောင်း၊ ဖြစ်စဉ်အသေးစိတ် မေးမြန်းပြီး မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဖူးယောင် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့သော ဦးအောင်ပြည်သိမ်းမတွက် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးထားရှိဖို့ လမ်းညွှန်မှာကြားခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ဆိုသည်။

အထက်ပါကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး စောအောင်ထွန်းက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “BGF ဂိတ်မှာ ခေါ်ရတဲ့အကြောင်းရင်းက ကျနော် ဝန်ခံတယ်။ ကျနော် မှားတယ်။ အမှန်က ကျနော် မခေါ်သင့်ဘူး။ ရုံးမှာပဲ ဆွေးနွေးလို့ရတယ်။ ရုံးမှာက လူအဝင်အထွက် များပြီးလမ်းဘေးနဲ့ကပ်တော့ သူများတွေမြင်ရင် မကောင်းလို့ ကျနော်အပြင်မှာ ခေါ်ထုတ်ပြီးတော့ အေးအေးဆေးဆေး မေးရအောင်ဆိုပြီးတော့ မေးတာပါ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေအရ လုပ်ခွင့်မရှိဘဲ ဒေါသ အလျောက်လုပ်ခဲ့တဲ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် မှားခဲ့တယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံမြောက် ကျူးလွန်ခဲ့သူများကို ဦးအောင်ပြည့်သိန်းက အိန္ဒုနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ရာ သာမန်နာကျင်စေမှု ၊ရာဇသတ်ကြီး ပုဒ်မ ၃၂၃ အရ တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စခန်းမှူး ရဲအုပ် ရဲထွဋ်မင်းကဆိုသည်။

အဆိုပါကျေးရွာအုပ်စုတွင် ၂၀၁၅ရွေးကောက်ပွဲကာလက နယ်မြေခံ ရပ်ကျေး NLD အဖွဲ့ဝင် ၁ ဦးကိုအမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်သို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုမှာ တရားခံများ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ၂၀၁၆ တွင်လည်း အမည်မသိလူတစ်စုက ဈေးမသွယ်ကျေးရွာ ၊ ရပ်ကျေး NLD အဖွဲ့ဝင်တစ်ဦး၏နေအိမ်ကို ဖျက်ဆီးပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခု ရပ်ကျေးအုပ်ချုပ်ရေးမှုးများပြန်ရွေးသည့်ကိစ္စများတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း၊ ၎င်းတို့ဒေသမှာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေထိုင်ကြပြီး တရား ဥပဒေစိုးမိုးမှုပိုင်းတွင် အားနည်းလျက်ရှိကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply