မော်လမြိုင်၊ မတ် ၁၇ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကတင်မြောက်ထားသည့် သမ္မတ ဦးထင်ကျော်သည် ဝန်ကြီးဋ္ဌာနများ ကို ပိုမိုကျစ်လစ် စေရန် ယခင်အစိုးရအဖွဲ့ထက် ဝန်ကြီးဌာန ၁၅ ခုလျော့ချဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနကိုအသစ် တိုးချဲ့ ဖွဲ့စည်းရန် ယနေ့ ကျင်းပသောပြည်ထောင်စုလွှတ်တော် သို့တင်သွင်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဋ္ဌာန ၂၁ နှင့် ပြည်ထောင် စုဝန်ကြီး ၁၈ဦး ခန့်အပ်ရန်တင်ပြထားကြောင်းပြည်ထောင်စုလွှတ်တော် နာယက ဦး မန်းဝင်းခိုင်သန်းက အတည်ပြု ကြေညာ ခဲ့သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးဋ္ဌာန ကို ပထမအကြိမ်လွှတ်တော်သက်တမ်းက အဆိုအောင်မြင်ခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရက ဖွဲစည်းရန် အချိန်မမှီလိုက်သည့်အတွက် အစိုးရသစ်လက်ထက် ရောက်မှသာ ဖွဲ့စည်းနိုင်ခြင်းဖြစ်ကြောင်း NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏ စိုးက ပြောသည်။

“နဂိုတည်းက ကျွန်တော်တို့ပြောပါတယ်၊ ဝန်ကြီးဋ္ဌာနတွေက မလိုအပ်ဘဲနဲ့ ဖောင်းပွနေတယ်ပေါ့နော်၊ တစ်ချို့ ဝန်ကြီးဋ္ဌာနတွေက တွဲပြီးတော့ လုပ်လို့ရပါတယ်၊ အဓိကကတော့၊ ဝန်ကြီးဦးရေဖောင်းပွတယ်၊ စီမံခန့်ခွဲတဲ့ အခါမှာထိရောက်တိကျမှုမရှိဘူး၊နိုင်ငံတော် ဘဏ်ဏာတွေက အလေအလွင့်ဖြစ်စေတယ်၊ အဲ့ဒါကြောင့် လျှော့ချလိုက်တာပါ”ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းကာလက ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားအခွင့်အရေးကာကွယ် သည့် ဥပဒေတစ်ခု ပြဋ္ဌာန်းခဲ့ရာ တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာနကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ဒါကိစ္စက တကယ်လုပ်သင့်တဲ့ကိစ္စပါ၊ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုအဆင့်မှာ တိုင်းရင်းသားရေးရာကိစ္စ ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဝန်ကြီးတစ်ပါးရှိမှသာလျှင်၊တိုင်းရင်းသားအခွင့်အရေးရရှိမှာလေ၊အဲ့အတွက် ဂုဏ်ယူမိပါ တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကိစ္စများ၊ကို အဓိကထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“အရင်အစိုးရ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊လို့သာလျှောက်ပြော နေပေမယ့်၊ လွှတ်တော်ထဲမှာပြောရင် မလိုအပ်ဘူးလိုလိုပဲ၊NLDအစိုးရကကျတော့ လွှတ်တော်ထဲမှာဘာမှ

မပြောရသေးခင်၊ တိုင်းရင်းသားတွေကို နေရာပေးတယ်ဆိုတာက၊ နိုင်ငံရေးအရကို အမှတ်က အပြည့်ရနေပြီ ”ဟု ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ SNDP ဗဟိုကော်မတီဝင် ဦးရဲထွန်းက ပြောကြားသည်။

တိုင်းရင်းသားဝန်ကြီးဋ္ဌာနသည် တိုင်းရင်းသားလူနည်းစုနေထိုင်သည့် ပြည်နယ်နှင့်တိုင်းတွေကို ဖွံ့ဖြိုးတိုး တက်စေရန် ကျန်မာရေး၊လူမှုရေး၊လမ်းပမ်းဆက်သွယ်ရေး၊ အစရှိသည့် လိုအပ်တာတွေကို ဆောင်ရွက်နိုင် ရန်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ယခင်အစိုးရလက်ထက်က ဝန်ကြီးဋ္ဌာန ၃၆ခုဖြင့် ဖွဲ့စည်းခဲ့ပြီး အစိုးရသစ်လက်ထက်တွင် သမဝါယမဝန်ကြီး ဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊အားကစားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့ကို ဖျက်သိမ်းခဲ့သည်။

ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ကို ငါးခုရှိသည်ကို တစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်ကာ ဝန်ကြီးဌာနအချို့ကို အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးဋ္ဌာန စုစုပေါင်း ၂၁ခုဖြင့်ဖွဲ့စည်းမည်ဖြစ်သည်။

Leave a Reply