Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၃

တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံအား ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် အစိုးရကစီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။
အောက်တိုဘာ ၃၀ ရက်နေ့မှစတင်၍ နေပြည်တော်တွင် နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် UPDJC အစည်းအဝေးတွင်လည်း ၂၁ ရာစုပင်လုံညီလာခံအားအစိုးရဘက်မှ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ရန်ပြောဆိုထားကြောင်း UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့အတွင်းရေးမှူး စိုင်းကျော်ညွှန့်ကပြောသည်။
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးနှင့် ပက်သက်၍ ဦးဇော်ဌေးက “ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမှ မပြတ်သေးတဲ့အချက်တွေကို ကျွန်တော်တို့ပြန်လည်ဆွေးနွေးမှာဖြစ်တယ်” ဟု ဆိုသည်။
မေလအတွင်းကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အချက် ၃၇ ချက် သဘောတူညီခဲ့သည်။
“ကျွန်တော်တို့ကတော့ ညီလာခံလုပ်တာစောနေတယ်လို့မြင်တယ်။ ကျွန်တော်တို့ထဲမှာလည်း မကျေလည်တဲ့အချက်တွေရှိသေးတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးလုပ်ငန်းစဉ်တွေဆောင်ရွက်စရာရှိသေးတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်စရာတွေရှိသေးတယ်” ဟု ဦးစိုင်းကျော်ညွှန့်ကပြောသည်။
ဒုတိယအကြိမ်မြောက်ပင်လုံညီလာခံတွင် NCA တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲတို့ နှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်ဆောင်ရွက်သွားမည်ဟု အစိုးရဘက်မှပြောဆိုထားသော်လည်း မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ နှင့် တွေ့ဆုံနိုင်မှုမရှိသေးပေ။ ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမပါဝင်သဖြင့် သဘောတူညီချက်များနှင့် ပက်သက်၍ ဝေဖန်မှုများလည်းရှိနေသည်။

Advertisements
<

Leave a Reply