News Federal Times

နေပြည်တော်၊ မေ ၃၀ ။         ။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ဇန်နဝါရီလအထိ (၁၀)လအတွင်း လျှပ်စစ်ဓာတ်အား တရားမဝင် ဆင့်ပွားသုံးစွဲဖြန့်ဖြူးမှု (၆၀၉)မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေး စုစုပေါင်း ကျပ်သိန်း(၆၀၀၀)ကျော် ချမှတ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရှိရသည်။
မေ ၂၉ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင်ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၏ မေးမြန်းမှုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်ကဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဆင့်ပွားဓာတ်အားပေးနေမှုဖြစ်စဉ်များ စိစစ်တွေ့ရှိပါက ဓာတ်အားဖြတ်တောက်ခြင်း ၎င်း၏တပ်ဆင်ဝန်အား အလိုက် ဒဏ်ငွေပေးဆောင်စေခြင်း၊ နောင်တွင် ထပ်မံဖြစ်ပေါ်လာပါက ချိုးဖေါက်သူအား ရာသက်ပန်ဓါတ်အား ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မီးသုံးသူအား ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည် နယ်အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်ကဖြေဆိုခဲ့သည်။
တရားမဝင်ဓာတ်အား သုံးစွဲမှုများ ပပျောက်စေရန် ရည်ရွယ်၍ စစ်ဆေးဖော်ထုတ်မှုများ အစဉ်မပြတ် ဆောင်ရွက် နေပြီး လျှပ်စစ်ဓာတ်အား တရားမဝင်ဆင့်ပွားသုံးစွဲနေသူများရှိကြောင်း တိုင်ကြားလာပါက ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“မီးလင်းရေးကော်မတီများ လိုက်နာရန်အချက်များ ဖြေလျှော့ပြောင်းလဲသတ်မှတ်ခြင်း၊ လျှပ်စစ်နှင့်ပတ်သက် သော တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားမဝင် ဆင့်ပွားမီးတပ်ဆင်အသုံးပြုခြင်း ပပျောက်ရေးတို့အတွက် ခိုင်မာတိကျသော မူဝါဒချမှတ်ရေးကို မည်သို့ဆောင်ရွက်ထားကြောင်းသိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်”ဟု ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက မေးမြန်းခဲ့သည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့သော လျှပ်စစ် ဥပဒေ၊ အခန်း(၁၂)၊ ပုဒ်မ-၅၂ အရ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ လျှပ်စစ်ဓာတ်အားကို သွယ် တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်း မလုပ်ရဟု တားမြစ်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
အခန်း(၁၃)ပုဒ်မ-၆၂အရ မည်သူမဆို ပုဒ်မ ၅၂ ပါတားမြစ်ချက်ကို ကျူးလွန်းကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရန်နှင့် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

MMK

Leave a Reply