ဓာတ်ပုံ - ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ၏ Logo

ရန်ကုန် သြဂုတ် ၁၇
စောဇင်မောင်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ လျှောက်ထားမှုမှာ ဇူလိုင်လကုန်ပိုင်းက ငြင်းပယ်ခံခဲ့ရပြီး ၁၅ ရက်အကြာတွင် ခွင့်ပြုချက် ပြန်လည်ရရှိကြောင်း PACEအဖွဲ့ထံမှ သိရသည်။

ယင်းသို့ ပြန်လည်ခွင့်ပြုလိုက်သည်ကို UEC တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၅ ရက်ညတွင် ဖုန်းကတဆင့် ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်သည်ဟု PACEအဖွဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောသည်။

“ဖုန်းနဲ့ ဆက်သွယ်လာတာက ဟုတ်တယ်။ ပြီးခဲ့တဲ့ စနေနေ့က ဆက်သွယ်လာတာ။ UECက တာဝန်ရှိသူတစ်ဦးလို့ ပြောတယ်။ တရားဝင်စာ ရောက်ရှိလာတာတော့ မရှိသေးဘူး။ အခုကိစ္စနဲ့ ပတ်သက်လို့ကတော့ မနက်ဖြန်(ဩဂုတ် ၁၈)မှာ နေပြည်တော်သွားဖို့ ရှိတယ်။ ရွေးကောက်ပွဲကော်မရှင်(UEC)နဲ့ လာတွေ့ဖို့ သူတို့ဘက်က ပြောတယ်။ အဲဒါပြီးမှ အကြောင်းစုံ သိရမယ်”ဟု ကိုဟန်စိုးထွန်းက ပြောသည်။

တရားဝင်ခွင့်ပြုစာ၊ အကြောင်းကြားစာ မရသေး၍ လက်ရှိအချိန်တွင် အသေးစိတ် မသိရသေးဘဲ အပြည့်အစုံ သိရှိရပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ကိုဖြိုးကိုလင်းက UEC အနေဖြင့် အချက်အလက်အတိအကျကို သက်ဆိုင်ရာ ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာ ပေ့ဂျ်ကတဆင့် တရားဝင်ဖော်ပြပေးသင့်ကြောင်း ထောက်ပြသည်။

“အခုလို ဖုန်းနဲ့ပဲ ဆက်သွယ်လုပ်ဆောင်ချက်ကို လုံးဝ ရှုတ်ချတယ်။ UECအတွက် အင်မတန် ရုပ်ဆိုး အကျည်းတန်စေတယ်”ဟု ကိုဖြိုးကိုလင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စစ်ကိုင်းတိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး ကိုနေသီဟက”ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ချက်တွေအပေါ် မှတ်ချက်တော့ (ပါတီအနေနှင့်)မပြုလိုပါဘူး။ အခုလို လုပ်ဆောင်မှုတွေမှာ မိမိအမြင်အရ အခြားအကြောင်းရင်းတွေလည်း ရှိနေမှာပါ။ ကော်မရှင်အနေနဲ့ လုပ်ဆောင်တဲ့ နေရာမှာ အမှားအယွင်းတွေ ရှိနေတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အခုလို လုပ်ဆောင်မှုတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မှာပါ”ဟု ဆိုသည်။

နိုင်ငံရေးသမားဟောင်းလည်းဖြစ်၊ လက်ရှိ ပြည်သူ့ပါတီ၏ ကျောက်တံခါးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးကျော်ထင်က”အခုလို လုပ်ဆောင်နေတာက မရိုးမသား လုပ်ဆောင်မှုသာဖြစ်တယ်။ ရိုးသားမှန်ကန်မယ်ဆိုရင် တရားဝင်အတိုင်း ပယ်ဖျက်တယ်(လို့)ထုတ်ပြန်ရင် အခုလို ခွင့်ပြုရင်လည်း တရားဝင် ထုတ်ပြန်ပေးရမယ်။ အခုက မြွေမသေ တုတ်မကျိုးလို ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ပြောချင်တယ်။ အခုလို လုပ်ဆောင်ခြင်းက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်စေတယ်”ဟု ဝေဖန်သည်။

PACE သည် နိုင်ငံတကာအထောက်အပံ့များ ရယူထားသဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေနှင့် မကိုက်ညီဟု ဆိုကာ UEC က ဇူလိုင် ၃၀ တွင် ငြင်းပယ်ထားခြင်း ဖြစ်သည်။ ယင်းသို့ ငြင်းပယ်ထားကြောင်းကို PACE က ဩဂုတ် ၁၃ တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ UEC ၏ ယင်းဆုံးဖြတ်ချက်မှာ ရွေးကောက်ပွဲ၏ တရားဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်မှန်ကန်မှု အရည်အသွေးများ ကျဆင်းစေနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၄၃၀ ကျော်က သဘောထားထုတ်ပြန် ကြေညာထားသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ကို ၂၀၁၃ တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲ၊၂၀၁၇နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း လေ့လာစောင့်ကြည့်မှု ပြုခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း၌ လူအင်အား ၂၉၀၀ ခန့်ဖြင့် စောင့်ကြည့် လေ့လာရန် ပြင်ဆင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ၏ Logo

Leave a Reply