Advertisements

မော်လမြိုင် ၊ နိုဝင်ဘာ ၁၇

PEN Myanmar ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးမှာ နိုဝင်ဘာ ၁၄ ရက်တွင် စာဖြင့် တိုင်ကြားခံရသည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း ယင်းအဖွဲ့၏ ယခုလ ၁၆ ရက်၊ ရက်စွဲပါ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယင်းတိုင်ကြားစာနှင့်ပတ်သက်၍ PEN Myanmar ၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များအတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်က ခေါ်ယူကာ တိုင်ကြားခံရသူအား မေးမြန်းစုံစမ်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

“ဘက်လိုက်မှုမရှိဘဲ တိကျတဲ့၊ မှန်ကန်တဲ့၊ မျှတတဲ့ အဖြေတစ်ခုရဖို့ရာ စုံစမ်းရေးကော်မတီတစ်ရပ်ကို ဒီရက်ပိုင်းအတွင်း ဖွဲ့စည်းပြီး ဆက်လုပ်သွားမယ်”ဟု PEN Myanmar အတွင်းရေးမှူး ဦးဟန်ဇော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

တိုင်ကြားသည့် အခြင်းအရာနှင့်စပ်လျဉ်းသည့် သက်သေခံများအား စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

တိုင်ကြားသူအမည်နှင့် တိုင်ကြားခံရသူအမည်ကို ယင်းကြေညာချက်တွင် ရေးသားဖော်ပြထားခြင်းမရှိသော်လည်း တိုင်ကြားသူမှာ PEN Myanmar တွင် ယခင်က တာဝန်ထမ်းဆောင်ဖူးသူ Project Managerတစ်ဦးဖြစ်ပြီး တိုင်ကြားခံရသူမှာ ကဗျာဆရာတစ်ဦးဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ရုံးဝန်ထမ်းအမျိုးသမီးငယ်အချို့ကို မရိုးဖြောင့်သောသဘောဖြင့် လိင်စိတ်ကို စေ့ဆော်သည့် အပြုအမူနှင့် အပြောအဆိုများ ရှိခဲ့ကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် Zar Chi Oo အကောင့်ပိုင်ရှင်၏ ရေးသားဖော်ပြချက်အရ သိရသည်။

တိုင်ကြားခံရသူ ဒါရိုက်တာအဖွဲ့ဝင်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ နှစ်လယ်ပိုင်းက PEN Myanmar တွင် ဆက်သွယ်ရေးတာဝန်ယူသူ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦး၏ ကိုယ်ပိုင်ဖုန်းနံပါတ်မှတဆင့် စိတ်အနှောင့်အယှက်ဖြစ်သည်အထိ SMS စာဆက်တိုက်ပေးပို့ခြင်း၊ အမျိုးသမီး၏ ကွန်ပြူတာကို အလုပ်ကိစ္စ အကြောင်းပြ၍ ခေတ္တယူသုံးခွင့်တောင်းပြီးနောက် အပြာရုပ်ရှင်ဇာတ်ကားများ ကွန်ပြူတာအတွင်း ကူးသွင်းချန်ထားခဲ့ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း တိုင်ကြားစာတွင်ဖော်ပြထားသည်။

အလုပ်လာရောက် လျှောက်ထားသူ၊ အလုပ်ကိစ္စနှင့် ပတ်သက်သူ အမျိုးသမီးအချို့ကိုလည်း မရိုးသားသော သဘောဖြင့် ချဉ်းကပ်လေ့ရှိသူဖြစ်ကြောင်း သိသာစေသည့် ဖော်ပြချက်များကိုလည်း ရေးသားထားခဲ့သည်။

PEN Myanmar မှာ PEN International အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ၂၀၁၃ အောက်တိုဘာ ၁၂ ရက်မှစ၍ သက်ဝင်လှုပ်ရှားခဲ့သော မြန်မာရသစာပေဖွံ့ဖြိုးမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

Written by – နောင်ရိုးထွန်း

Leave a Reply