News Federal Times

ပြည် ၊ မေလ(၁၅)ရက် ။      ။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နဝဒေးသကြားစက်ရုံမှ အလုပ်ထုတ်ခံရသော အလုပ်သမားများ အချိန်ပိုကြေး၊ လုပ်သက်ကြေးနှင့် အခြားအလုပ်သမားအခွင့်အရေးများ ရရှိရန် မေလ(၁၅)ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် အလုပ်ထုတ်ခံရသူ အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်အပါဝင်(၅၀)ဦးခန့် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော အနည်းဆုံးလုပ်ခကြေးငွေအတိုင်းရရှိရေး၊ အလုပ်ရှင်မှ တစ်နှစ် တစ်ကြိမ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ်ပျက်ကွက်ခြင်းအတွက် အရေးယူပေးရန်နှင့် အခြားအလုပ်သမားအခွင့်အရေးများရရှိရန် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒဖော် ထုတ်ရာတွင် ပါဝင်သူများထံမှ သိရသည်။
“အဓိကကတော့ ကျွန်တော်တို့အလုပ်ထုတ်ခံရတဲ့ကိစ္စပေါ့။ အဲ့ဒါကို ဖြေရှင်းပေးစေလိုတယ်။ ပြီးတော့ အချိန် ပိုကြေးမရတာတွေ၊ လုပ်ခလစာနည်းတာတွေကို ဖြေရှင်းပေးဖို့အတွက် အခုလိုဆန္ဒဖော်ထုတ်တာပါ။”ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဦးသန်းဇော်က ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ရှေ့မှ တစ်ဆင့် လမ်းရှည်လမ်း၊ ကမ်း နားလမ်းများမှ တစ်ဆင့် ပြည်မြို့နယ် မြရွာကျေးရွာအနီးရှိ နဝဒေးသကြားစက်ရှေ့ထိ သွားရောက်ဆန္ဒဖော် ထုတ်ခဲ့ကြပြီး ဗီနိုင်းပိုစတာများ ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“သုံးကြိမ်ညှိနှိုင်းတာ အဆင်မပြေလို့ သူတို့ဆန္ဒပြတယ်။ တိုင်းကိုလည်း ဆက်တက်ဖို့ရှိပါသေးတယ်။ သူတို့က နစ်နာကြေး ဆယ်သိန်းကျော်တောင်းတယ်။ဒီဘက်ကလည်း တစ်သိန်းနှစ်သောင်းပေးတယ်။ သူတို့တောင်းတာ ကို ရုံးချုပ်က မပေးနိုင်တဲ့အတွက် ညှိုနှိုင်းမှုက မပြေလည်သေးဘူးဖြစ်နေတာပါ။”ဟု နဝဒေးသကြားစက်မှ အထွေထွေမန်နေဂျာ ဦးမြဝင်းက ပြောသည်။
အဆိုပါ နဝဒေးသကြားစက်မှ အလုပ်သမား(၄၃)ဦးအား ဖေဖော်ဝါရီလနှင့် မတ်လတွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ ရပြီး ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား (၃)ကြိမ် ညှိနှိုင်း ဖြေရှင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ သကြားစက်အား ၁၉၉၉ ခုနှစ်မှ စတင်လည်ပတ်ခဲ့ပြီး  အမြဲတမ်း ဝန်ထမ်း (၁၉၆)ဦးနှင့် ယာယီ နေ့စား ဝန်ထမ်း(၇၄)ဦးရှိပြီး လက်ရှိတွင် စက်ရုံအား မြန်မာစူးတက်ကုမ္ပဏီနှင့် အစိုးရတို့ အကျိုးတူပူးပေါင်း လုပ်ကိုင် နေကြကြောင်း သိရသည်။

MMK

Leave a Reply