Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၇

Royal Hinthar ဟိုတယ်ရှိ ဝန်ထမ်းများ အနိမ့်ဆုံး လုပ်ခလစာ မရသည့်ကိစ္စကို အလုပ်သမား ဦးစီးဌာန၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့က ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

ဧည့်သည်များဆီက ဝန်ဆောင်မှု ၁၀ရာခိုင်နှုန်းရရှိသည့်အပေါ်တွင် ဝန်ထမ်းများကို ၅ရာခိုင်နှုန်းသားပေးသည့် အတွက် ၇ရာခိုင်နှုန်းရရှိရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနထံ အကူအညီတောင်းခံရမှ အနိမ့်ဆုံးလုပ်ခလစာ ကိစ္စပေါ်ပေါက်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းအတွက်ကြောင့် ညှိုနိုင်းရာမှ လာရောက်တိုင်ကြားထားသည့် ဝန်ထမ်း ၂၀ကျော်အပြင် ကျန်ရှိနေသည့် ဝန်ထမ်းများ၏ အခြေခံလုပ်ခ လစာဖြစ်သည့် တစ်ရက် ၃၆၀၀ကျပ်ဖြည့်ပေးပြီး ယခင်က အချိန်ပို တစ်နာရီ ၅၀၀ကျပ်ကို ၉၀၀ကျပ်ဖြင့် တွက်ချက်ပြီး လျှော်ကြေးငွေ သိန်း ၃၃၈၇၂၉၉ ကျပ် ပေးအပ်ခဲ့ကာ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေး ကဆိုသည်။

“ဟိုတယ်တွေက ဆိုင်အလုပ်ဌာန ဥပဒေတွေနဲ့ အကျုံးဝင်တဲ့တွက် ကျွန်မတို့ အရေးယူ ဆောင်ရွက်တာပါ OT(အချိန်ပိုလုပ်ခ)ကြေးပေးရမှာ ပေးတယ်ဆိုရင်တော့ ဆောင်ရွက်မှု ပြီးပါပြီး၊ မပေးလို့ရှိရင်တော့ တရားစွဲတဲ့ထိ အရေးယူမယ်၊ ပေးရမှာကို မပေးတဲ့ အလုပ်ရှင်တော့ မရှိပါဘူး ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Royal Hinthar ဟိုတယ်၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ မင်းဗညားစန်းက “အခုက နည်းဥပဒေက အသစ်ပြောင်းသွားပြီ ကျွန်တော်တို့ဟိုတယ် စဖွင့်တုန်းက ၂၇၀၀ဈေး အခုက အားလုံးက ၃၆၀၀ အဲဒီနည်းဥပဒေပြောင်းတဲ့အပေါ်မှာ ကျွန်တော်တို့က လိုက်ပေးရမှာပေါ့။ ဟိုတယ်စဖွင့်တုန်းက နှုန်းထားအဟောင်းနဲ့ သွားနေတာ အခုတော့ ဒီအသစ်နဲ့သွားရမယ်ဆိုတော့ အားလုံးကို backdate နဲ့ပြန်ပေးတယ်”ဟု ပြောသည်။
Royal Hinthar ဟိုတယ်တွင် ဝန်ထမ်းတစ်ရာကျော်ရှိကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ပထမအပတ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Written by – ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply