ပေါင်မြို့နယ်၊ ဇင်းကျိုက်တွင် SCL ကုမ္ပဏီမှ ငွေကျပ်သိန်းပေါင်းများစွလည်လိမ်ခဲ့သဖြင့် နစ်နာခဲ့သော ဒေသခံပြည်သူ ၆၀ ကျော်တို့က မေလ ၂၃ ရက်နေ့က မွန်ပြည်လွှတ်တော်သို့ တိုင်ကြားခဲ့ကြောင်း အလိမ်ခံခဲ့ရသည့် ဒေသခံပြည်သူများထံမှ သိရသည်။

“ကျွန်မတို့က ဘာမှမသိဘူး သူများတွေလည်း ထည့်ကြတယ်ဆိုလို့ ထည့်လိုက်တာ၊ ငွေကို ဉာဏ်ထွန်းကိုယ်တိုင် အိမ်မှာလာယူသွားတာ၊ တစ်ပတ်တစ်ခါ ဘဏ်မှာ ရှယ်ယာအကျိုးအမြတ်အနေနဲ့ ၁၈၂၅၀ ထုတ်လို့ရတယ် ဆိုပြီးပြောတယ်၊ တစ်ကယ်ဘဏ်မှာ သွားထုတ်တော့ ဘဏ်မှာလည်း ထုတ်လို့မရဘူး၊ မရလို့ ဉာဏ်ထွန်းကို သွားပြောတော့ သူက ထုတ်ထားပေးတယ်ဆိုပြီး အိမ်ကို လာပေးတယ်၊ နှစ်ပတ်ပဲကြာတယ် ကုမ္ပဏီပျက်သွားပြီးဆိုပြီး ငွေတွေ လိမ်ခံထိမှန်းအဲတော့မှ သိရတာပါ”ဟု ငွေလိမ်ခံထိသူ ဒေါ်တင်မြက ပြောသည်။

SCL ကုမ္ပဏီထံသို့ ငွေကျပ် ၁၈၅၀၀၀  ထည့်သွင်းထားပါက တစ်ပတ်လျှင် ငွေကျပ် ၁၈၂၅၀ အကျိုးအမြတ်ကို ပြန်လည်ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး ဇင်းကျိုက်မြို့ရှိ ဒေသခံများကို ကမ္ဘောဇဘဏ်၌ ငွေစုဘဏ်စာအုပ်များပြုလုပ်ခိုင်းခဲ့ပြီး ကုမ္ပဏီသို့ ရှယ်ယာထည့်ဝင်မည့် ငွေများကို  တစ်ရပ်ကွက်တည်းနေထိုင်သူ ဦးဉာဏ်ထွန်းနှင့် လူခြောက်ဦးခန့်တို့မှ လိမ်လည်ရယူခဲ့ကြကြောင်း မွန်ပြည်နယ်လွှတ်တော်ကို လာရောက်တိုင်တန်းရန် ဦးဆောင်ပေးခဲ့သည့် မြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

“သူတို့ ကုမ္ပဏီက SCL လို့ သိရတယ်၊ သူတို့ပြောတာက အာဆီယံငါးနိုင်ငံနဲ့ ချိတ်ဆက်ပြီး မြေအရောင်းအဝယ်လုပ်တယ်ဆိုပြီးတော့ အကျိုးအမြတ်တွေရအောင်ဆိုပြီး သူတို့အဖွဲ့ထဲကပဲ အမျိုးမျိုးပြောတယ်၊ ရပ်ကွက်ကသူတွေက ဘာမှနားမလည်းဘူးဆိုတော့ ပိုဆိုးတာပေ့ါ၊ အခုလိမ်ခံထိတဲ့ သူတွေရဲ့ ငွေ သိန်းနှစ်ထောင်ကျော်လောက်တော့ရှိမယ်”ဟု ဦးခင်မောင်အေးက ထပ်လောင် ပြောသည်။

ဦးဉာက်ထွန်းနှင့် အဖွဲ့သားများထံသွားရောက်ပြီး ဒေသခံပြည်သူများထံမှ ရယူထားသော ငွေကြေးများကို ပြန်ပေးရန် ပြောဆိုခဲ့သော်လည်း ဦးဉာဏ်ထွန်းမှ မပေးနိုင်ကြောင်း ပြောဆိုခဲ့၍ ဇင်းကျိုက်နယ်မြေရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှတာဝန်ရှိရဲအရာရှိမှ ရဲအရေးပိုင်သောအမှုမဟုတ်သဖြင့် တိုင်ကြားမရကြောင်းပြောဆိုသဖြင့် မေလ ၁၆ ရက်နေ့က ပေါင်မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်ထားခဲ့ကြောင်း ဇင်းကျိုက်ကျေးရွာဒေသခံများက ပြောဆိုသည်။

“ဒီနေ့ နံနက် ၁၀ နာရီမှာ သူတို့တွေ လွှတ်တော်ရုံးကို ရောက်လာပြီး သူတို့နစ်နာခဲ့တဲ့ အကြောင်းလာတိုင်တယ်၊ သူတို့က ရဲစခန်းမှာလည်းအမှုဖွင့်ထားပြီးပြီးဆိုတော့ ရဲလုပ်ထုံးလုပ်နည်းအတိုင်း မှန်မှန်နဲ့ မြန်မြန်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို မေတ္တာရပ်ခံထားပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး SCL Myanmar Company Limited အမည်ဖြင့် ဇင်းကျိုက်ဒေသခံပြည်သူများထံမှ ငွေကြေးများ သိန်းပေါင်းများစွာ လိမ်လည်ခဲ့သူ ဦးဉာဏ်ထွန်း၊ ဦးမောင်လေး၊ ဦးမောင်အေး၊ ဦးရာဇာ၊ ဦးအောင်ဒိုက်၊ ဒေါ်လင်းဌေးနှင့် ဒေါ်စန်းငယ်တို့ကို ပေါင်မြို့မရဲစခန်းမှ (ပ) ၂၁၄/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂၀ အရ အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။

Written by – ခေတ်မင်း

Leave a Reply