မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ့ အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်နှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ့ကို ဇွန် ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် မော်လမြိုင်မြို့၌ ရုံးဖွင့်လှစ်ခဲ့သည်။ ယင်းကြောင့် ပေါင်းစပ်ညှိနှိုင်ရေး အဖွဲ့ ဖွဲစည်းခြင်း အပါအဝင် လုပ်ငန်းတာဝန် တို့ကို မည်သို့မည်သို့ လုပ်ဆောင်သွားမည့် အခြေအနေ၊ စိန်ခေါ်မှု၊ အခက်အခဲများနှင့် ပြည်နယ်အတွင်းရှိ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်နေသည့် ကိစ္စရပ်များကို အဆိုပါ အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပထမအနေနဲ့ တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ့ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းလေးကို နည်းနည်းလောက် ရှင်းပြပေးပါဦး။
ဦးထွန်းအောင်။ ။ ဒီအဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်ထောင်စု ရှေ့နေချုပ်က တာဝန်ယူပြီး နိုင်ငံတော်အဆင့် ဗဟိုမှာ အရင်ဖွဲ့တယ်။ ဗဟိုမှာ ဖွဲ့တာက ဝန်ကြီးအဆင့် ဒုဝန်ကြီးအဆင့် တွေနဲ့ ဖွဲ့ပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေကိုတော့ ဗဟိုကနေ ပြည်နယ် တိုင်းအလိုက် ဘယ်သူတွေထည့်မှာလဲဆိုတာ ဗဟိုက ဆုံးဖြတ်ပြီးတော့ ဖွဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာဆို ရှစ်ယောက်နဲ့ ဖွဲ့တယ်။ ပြည်နယ်အဆင့်မှာဆို ထွေ/အုပ် ပြည်နယ်ဦးစီးမှူးအဖွဲ့ဝင်၊ တိုင်းရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်၊ ပြည်နယ်တရားရေး ဦးစီးမှူးအဖွဲ့ဝင်၊ ပြည်နယ် ဥပဒေအရာရှိ အဖွဲ့ဝင်၊ ကျွန်တော်ကတော့ အရင်က ခရိုင်ဥပဒေအရာရှိ အငြိမ်းစားက အဖွဲ့ခေါင်းဆောင်၊ ကျန်တာက အရပ်ဘက်အဖွဲ့အစည်းက နှစ်ယောက်နဲ့ တရားလွှတ်တော် ရှေ့နေက တစ်ယောက်နဲ့ ဖွဲ့လိုက်တာ ဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ဒီအဖွဲ့ ဖွဲ့စည်းဖြစ်တဲ့ ရည်ရွယ်ချက်ကို နည်းနည်းလောက် ရှင်းပြပေးပါဦး။
ဦးထွန်းအောင်။ ။ ဖွဲ့စည်းဖြစ်တာကတော့ ရှေ့နေချုပ်ကြီးရဲ့ လမ်းညွှန်ချက်အရတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ တရားဥပဒေစိုးမိုးဖို့နဲ့ တရားမျှတမှု ကိစ္စရပ်တွေကို အဓိက အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့၊ ရှင်းရှင်းပြောရရင် ပြည်သူလူထုက တရားမျှတမှု မရှိဘူးလို့ တင်ပြလာရင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဌာနက မေးမြန်းပြီး ညှိနှိုင်းပေါင်းစပ်ပြီး အဖြေရှာပေးတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ ပြည်သူတွေ့ရဲ့ အကျိုးကို လုပ်မှာ ဖြစ်တယ်၊ တရားမျှတမှု ရလာအောင် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ညှိနှိုင်းပေါင်းစပ်ပေးမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေက ဘာတွေရှိလဲ။
ဦးထွန်းအောင်။ ။ ကျွန်တော်တို့ ဌာနကို ဗဟိုအဖွဲ့က တာဝန်ပေးချက်အရ လုပ်ငန်း တာဝန် ၁၂ ရပ်ရှိတယ်၊ အဓိကကတော့ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းတို့ တရားရုံးတို့ ဥပဒေရုံးတို့ အဲဒီကိစ္စရပ်တော်တော်များများကို ပြည်သူတွေက ယုံကြည်မှု ရှိလာအောင်၊ ပြည်သူ အမြင်မှန်ရဖို့ ဥပဒေရေးရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေ ဘာတွေ သိချင်လဲ၊ သူတို့ နစ်နာတာတွေ ဘာတွေရှိနေလဲ။ ဒီကိစ္စတွေကို သူတို့တွေက တင်ပြလာရင် ကျွန်တော်တို့က သက်ဆိုင်ရာ တာဝန်ရှိတွေနဲ့ ညှိနှိုင်းပြီး အစည်းအဝေးမှာ ပြန်တင်ပြဖို့ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကတော့ ပြည်သူတွေ ဒုက္ခဖြစ်မယ့်ဟာ တစ်ခုမှတော့ မပါပါဘူး။ ကျွန်တော်တို့အဖွဲ့က Rule of Law ဖြစ်ဖို့ ဌာနဆိုင်ရာတွေ ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ သူတို့တွေ မှားနေတယ်၊ တစ်ခုခုကို ဘောင်ကျော်နေတယ်ဆိုရင် မြို့နယ်အဆင့်ကနေ ပြည်နယ်အဆင့်အထိ တည့်မတ် ညှိနှိုင်းပေါင်းစပ်ပေးမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဒီလုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ အဓိက အခက်အခဲက ဘာတွေလဲ၊ စိန်ခေါ်မှုက ဘာတွေဖြစ်နေလဲ။
ဦးထွန်းအောင်။ ။ တရားရုံရဲ့ ဆုံးဖြတ်ချက် တော်တော်များများကို ပြည်သူတွေက မကျေနပ်လို့ ကျွန်တော်တို့ဆီ တင်လာတာ တော်တော်များတယ်။ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်း ဆုံးဖြတ်ချက်ကို တင်လာတဲ့ အခါ ကျွန်တော်တို့က တရားရုံး ကိစ္စကျတော့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ စီမံနိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က ဒီဟာမှားနေတယ်၊ ဒီလို ပြင်လိုက်ပါလို့တော့ ပြောလို့ မရဘူး၊ သို့သော် တင်ပြလာတဲ့ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အမှုအတွက် အာမခံ ပေးဖို့ ဆုံးဖြတ်တာပဲ ဖြစ်ဖြစ်၊ အမှုကြီး တစ်ခုလုံးအတွက် ဆုံးဖြတ်တာပဲ ဖြစ်ဖြစ် မှားနေတယ်ဆိုရင် ကျွန်တော်တို့ဆီကို လာတင်ရင် အယူခံတင်နိုင်အောင် လုပ်ပေးဖို့ ဖြစ်တယ်။

နောက်ပြီး မြို့နယ်အဆင့် ဆုံးဖြတ်တာ မှားရင် ခရိုင်အဆင့် ပြည်နယ်အဆင့် တက်လို့ရအောင် ပြည်သူတွေကို လမ်းညွှန်ပေးဖို့ ဖြစ်တယ်။ တချို့ မြေယာမှုခင်း ကိစ္စရပ်တွေဆို တရားရုံးက ဆုံးဖြတ်တဲ့ ကိစ္စရပ်တွေ မဟုတ်ဘူး။ ဒီဟာတွေကို ဌာနဆိုင်ရာ မြေယာအဆင့်အဆင့်တွေက မှားယွင်းနေတယ်လို့ တင်ပြလာရင် ကျွန်တော်တို့က အဲဒီဌာနဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်း ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေကို လေ့လာပြီး မှားနေတာကို ရှာပြီး။ ပြည်သူတွေကိုု ကုစားပေးနိုင်မယ့် အချက်အလက်ကို ရှာပြီး မနစ်နာအောင် ပေါင်းစပ်ပေးမယ်၊ နောက်ပြီး တရားရုံးကိစ္စနဲ့ မပတ်သက်တဲ့ဟာတွေကို ကျွန်တော်တို့က ဌာနဆိုင်ရာတွေကို ခေါ်ပြီး ဆွေးနွေးမယ်။ အဖြေရှာမယ်။ နောက်ပြီး ကျွန်တော်တို့ တာဝန်ပေးထားတဲ့အထဲမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူတွေ အမြင်ကျယ်လာအောင် လိုက်လံဟောပြောဖို့ တာဝန်ပေးထားတာလည်း ရှိတယ်။

ဟင်္သာမီဒီယာ။ ။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ပြည်သူတွေ တင်ပြလာတဲ့ ဥပဒေနဲ့ မညီညွှတ်တဲ့ ကိစ္စရပ် အားလုံးကို ပေါင်းစပ် ညှိနှိုင်းပေးသွားမှာလား။
ဦးထွန်းအောင်။ ။ ကျွန်တော်တို့က ပြည်သူက တရားမျှတမှု မရှိဘူး၊ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ သူတို့ ခံစားရတာ ရှိတယ်။ တကယ်လည်း တချို့ဟာတွေက တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဒါပေမဲ့ သူတို့တင်လာတဲ့ဟာတွေက မမှန်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်လည်း ရင်နင့်ဖွယ် ခံစားရတဲ့ ကိစ္စတွေကို အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားပြီး လုပ်သွားပေးမယ်။ ပြောရလို့ရှိရင် မွန်ပြည်နယ်မှာရှိတဲ့ လူတွေ အကုန်လုံး ဥပဒေနဲ့ မညီဘဲ ခြိမ်းခြောက်ခံရတာတွေ၊ အနှိမ်ခံရတာတွေ ကျွန်တော်တို့ဆီ တင်လာတဲ့ မတရားမှုတွေကို ပြန်တည့်မတ်ပေးမယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာဆို ဘယ်လို ကိစ္စရပ်တွေက ဥပဒေနဲ့ မညီတာ အများဆုံးဖြစ်ပေါ်နေလဲ။
ဦးထွန်းအောင်။ ။ အများစုက စွဲတင်တဲ့ အမှုတွေပေါ့။ ဥပမာ ယစ်မျိုးအမှုတွေပေါ့။ ဒီအမှုတွေက အရင်ကဆို ဒဏ်ငွေက ရာဂဏန်းလောက်ပဲ ရှိတယ်။ အခုနောက်ပိုင်းမှာ ၁၀သိန်းအထိ ဖြစ်လာတယ်။ ဒီဟာတွေကို တချို့ပြည်သူတွေ နားမလည်ဘူး။ ဒီကိစ္စကို ပြည်သူတွေက နားမလည်လို့ တင်ပြလာတယ်။ ဥပဒေက ပြဌာန်းထားတာတွေကို ပြည်သူတွေကို မသိဘူး။ မသိတော့ အမှုစွဲတင်တော့ ၁၀ သိန်းအထိ ဒဏ်ငွေ ရိုက်တယ်။ သူတို့ဘက်က ဥပဒေနားမလည်တော့ နစ်နာတယ်လို့ ပြောလာကြတယ်။ ဒီအပိုင်းတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ကုစားပေးလို့ မရဘူး၊ နောက်ပြီး ပြည်သူတွေက မမျှတဘူးလို့ ထင်နေတဲ့ အမွေမှုတွေ ဒါကို ပြည်သူက နားမလည်ဘူး။ ဥပဒေ နားမလည်တော့ နားလည်တဲ့ သူက အနိုင်ရသွားတယ်။ ဒီဟာတွေကို ဥပဒေရဲ့ အကန့်သတ်တွေ ဖြစ်နေလို့ ကျွန်တော်တို့ ကုစားပေးလို့ မရဘူး။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ တော်တော်များများဟာ ရုံးနဲ့ ပတ်သက်ပြီး ဗဟုသုတ မရှိဘူး။ ဒါကြောင့် ပွဲစားတွေရဲ့ လွှမ်းမိုးမှုကြောင့် ပြည်သူတွေ တော်တော်လေး နစ်နာနေကြတယ်။ မှတ်ပုံတင် ကိစ္စ၊ တရားရုံး ကိစ္စ၊ မြေယာကိစ္စတွေကို လူလည် ပွဲစားတွေကြောင့် တစ်ကျပ် ကုန်မယ့်နေရာမှာ ၁၀၀ ကုန်နေကြတယ်။ ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို ပညာပေးသွားဖို့ ရှိတယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှု အတိုင်းအတာကို ဘယ်လို သုံးသပ်မိလဲ။
ဦးထွန်းအောင်။ ။ လက်ရှိ ပြည်နယ်ရဲ့ တရားစီရင်ရေး အခြေအနေက ပြည်နယ် တရားလွှတ်တော် ရုံးတွေက ဥပဒေနဲ့ အညီ လုပ်တာ များတယ်။ ဒါပေမဲ့ အောက်ခြေရုံးတွေ ဖြစ်တဲ့ ခရိုင်ရုံးတွေက မူလအမှုကို စစ်ရတယ်၊ နောက်ပြီး မြို့နယ်အဆင့် အယူခံတွေ စစ်ရတယ်။ တရားရေးနဲ့ ပတ်သက်လို့ရှိရင် မဟာဗျူဟာအရ တရားရုံးကို ပြန်တင်ရမယ်ပေါ့။ ကျွန်တော့်အမြင်ပြောရလို့ ရှိရင် single justice တစ်ပါး ထိုင် ဆုံးဖြတ်ချက်ဟာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ပုံစံမျိုးလည်း တချို့ရှိနေတယ်၊ နောက်ပြီး မှန်ကန်ဖြောင့်မတ်တဲ့ ဆုံးဖြတ်ချက်လည်း ရှိတယ်။
သို့သော် တစ်ပါးထိုင်ကတော့ ကျွန်တော်အနေနဲ့က အဆင်မပြေဘူးလို့ မြင်တယ်။ တစ်ပါးထိုင်က ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတယ်။ ဒါက ဒီပြည်နယ်တင်မဟုတ် မြန်မာတစ်နိုင်ငံလုံးက ဒီအခြေအနေဖြစ်နေတယ်။ မဆလခေတ်ကဆို သုံးပါးထိုင်တယ်။ ဒါပေမဲ့ ပါတီခေတ်က သုံးပါးထိုင်က ပညာမတတ်တဲ့ လူလဲ ခန့်လိုက်တာပဲ။ အခုခေတ်က ပညာတတ်တွေ အများကြီးပဲ။ တစ်ပါး ထိုင်ကတော့ ရှင်းရှင်းပြောရရင် ပြည်သူတွေ နစ်နာနေတယ်။ ဒီဟာက ဒီဌာနကို ပုတ်ခတ်ပြောတာတော့ မဟုတ်ဘူး။ ပြည်သူတွေ တွေ့ကြုံနေရတာကို ပြောတာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဆရာအမြင်အရဆို တစ်ပါးထိုင် စနစ်ကို ပြောင်းလဲဖို့ လိုပြီးလား။
ဦးထွန်းအောင်။ ။ single justice ကို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မကြိုက်ကြဘူး။ ဒီဟာကို ပြန်တင်ပြဖို့ ဖြစ်တယ်။ single justice က တရားမျှတမှု အမှား အမှန် ကိစ္စရပ်တွေကို ဆုံးဖြတ်တဲ့ နေရာမှာ အားနည်းမှုတွေ ရှိတယ်။ အဲဒါကို တိုင်းနဲ့ ပြည်နယ်က ပြောင်းလဲပေးဖို့ တင်ထားတာ ရှိတယ်။ အစိုးရ လုပ်မလုပ်ကတော့ စောင့်ကြည့်ရမယ်။ ကျွန်တော် အမြင်အရဆို တစ်ပါးထိုင်ကတော့ တရားမျှတမှုအတွက် ရာခိုင်နှုန်းပြည့် မဖြစ်နိုင်ဘူး။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံးအနေနဲ့ ဆရာ တွေ့ကြုံခဲ့ရတဲ့ တရားဥပဒေစိုးမိုးမှု အတိုင်းအတာနဲ့ အခုနောက်ပိုင်း NLD အစိုးရ လက်ထက်မှာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရနေပြီလဲ။
ဦးထွန်းအောင်။ ။ တရားဥပဒေစိုးမိုးမှု စကားလုံးကို ပြည်သူတွေက ဘာတွေ မြင်လဲဆိုတော့ တရားရုံးနဲ့ ရဲတွေ နောက်ပြီး ဥပဒေတွေပဲမြင်တယ်။ အမှန်တော့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုရင် ဌာနဆိုင်ရာ အားလုံးက ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေတွေကို ဥပဒေနဲ့ အညီ ဌာနဆိုင်ရာတွေက ကျင့်သုံးမှ ပြည်သူတွေက တရားဥပဒေစိုးမိုးမှုကို ခံစားရမှာ ဖြစ်တယ်။
ပြည်သူကလည်း ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သိဦးမှ အဆင်ပြေမယ်၊ တရားမျှတမှုမှာလည်း ဒီအတိုင်းပဲ။ ဌာနဆိုင်ရာတွေက သူတို့ လုပ်ချင်တိုင်း လုပ်လိုက်တယ်။ ဒါကို ပြည်သူက ဘာမှ မသိလိုက်ဘူး။ တရားဥပဒေစိုးမိုးမှုအတွက်ဆို ပြည်သူကလည်း တရားရုံးနဲ့ ဥပဒေတွေရဲ့ အကြောင်းကို အခြေခံလောက်လေး နည်းနည်းပါးပါး ရထားတယ်၊ ဥပမာ ယာဉ်တိုက်မှု ဖြစ်ရင် ကိုယ်က နားလည်ထားတော့ သူတို့ တောင်းသလောက် ပေးစရာ မလိုတော့ဘူးပေါ့။ နားမလည်တော့ တောင်းလေ ပေးရလေဖြစ်တယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဒီဥပဒေတွေကို ပြည်သူတွေအနေနဲ့ တစ်နှစ်မှာ နည်းနည်းလောက် သိသွားဖို့ ပညာပေးတွေလုပ်သွားမယ်။ နှစ်များလာရင်တော့ တဖြည်းဖြည်း ပိုသိလာမယ်၊ ပိုသိလာရင်တော့ တရားဥပဒေစိုးမိုးမှု ရှိလာမယ်လို့တော့ ထင်တယ်။

Written by – ဇော်ထိုက်

 

Leave a Reply