ဦးထွန်းဝင်း၏ ဘဝနေဝင်ချိန်နှင့် သံလွင်ဥယျာဉ်၏ နောင်ရေး

သိက္ခာသမာဓိရှိသော ဦးထွန်းဝင်းသည် ၁၉၄၁ ခုတွင် “ဒေသန္တရအဖွဲ့အစည်းများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အာဂတိလိုက်စားမှုစုံစမ်းရေးကော်မတီ” (Local Bodie’s Bribery and Corruption Enquiry Committee)၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်ထားခြင်းခံရသည်။ ဥက္ကဋ္ဌမှာ ဆွစ်သင်းဘင့် (B.W.S Swithinbank C.B.E, I.C.S) ဖြစ်သည်။

မော်လမြိုင်မြို့ ဖက်ဆစ်ဂျပန်တို့ လက်အောက်ကျရောက်စ ကာလတွင် မော်လမြိုင်ဒိစတြိတ်(ခရိုင်)လုံးဆိုင်ရာ၊ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရာ၌ ဌာန (၁၀)ခု သတ်မှတ်ပြီး ကော်မရှင်နာ (၁၀)ဦး ခန့်ထားသည်။

၁။ ဦးမောင်ငယ်- ကော်မရှင်နာချုပ်
၂။ ဦးအုန်းဖေ – အတိုင်ပင်ခံ
၃။ ဦးထွန်းဝင်း – တရားဌာန
၄။ ဦးဆက်နေ – ကူးသန်းရောင်းဝယ်ရေး (နောက်ဦးချစ်ပု)
၅။ ဦးဘိုလုံး – ဘဏ္ဍာရေး (နောက် ဦးသာကျော်)
၆။ ဦးဘိုးသက်ထွန်း – ရေဝန်
၇။ ဦးခင်မောင် – အထွေထွေ
၈။ ဦးကာ (ကတိုး) – မီးရထား
၉။ ဦးဂွမ်ရှိန် – စက္ကရီတေရီ (အတွင်းရေးမှူး)နှင့်
၁၀။ ဆရာဦးကျော်ဒင် ပညာရေး တို့ဖြစ်ကြသည်။
ဤအုပ်ချုပ်ရေးအဖွဲ့ သက်တန်းသည် မတ် ၁၉၄၂ မှ နိုဝင်ဘာ ၁၉၄၂ အထိ (၉)လ ရှိသည်။
ဦးထွန်းဝင်းတွင် အိမ်ထောင်နှစ်သက်ရှိသည်။ ပထမ ဇနီးမှ သားသမီး (၆)ဦး ဦးထွန်းကားသည်။
၁။ ဒေါ်စိန်စိန်
၂။ ဒေါ်အေးရင်
၃။ ဦးဘစိန်
၄။ ဦးဘကြင်
၅။ ဒေါ်အေးကြင်နှင့်
၆။ ဦးဘတင် တို့ဖြစ်ကြသည်။ ပထမ ဇနီး အမည်ကို မသိရချေ။
ပထမဇနီးကွယ်လွန်ပြီးနောက် ၁၉၁၆ ခုတွင် ဒေါ်အေးခင်နှင့် ထပ်မံအိမ်ထောင်ပြုရာ၊ သားသမီး (၄)ဦး ထွန်းကားသည်။
၁။ ဒေါ်လှခင် – ကျောင်းဆရာမ
၂။ ဦးသိန်းဟံ – ညွှန်ကြားရေးမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံး
၃။ ဒေါ်လှကြည် – ဆရာမ (အ.ထ.က ဒဂုံ)နှင့်
၄။ ဦးစိုးလွင် – ဆရာ (အ.ထ.က ၅၊ မော်လမြိုင်) တို့ဖြစ်ကြသည်။
ဦးထွန်းဝင်းသည် တက္ကသိုလ်ပညာသင်ယူခွင့်မရခဲ့သော်လည်း အင်္ဂလိပ်စာစကား၊ အရေးအသား အပြောအဆို ကျွမ်းကျင်သူဖြစ်သည်။ ၆ စက်တင်ဘာ ၁၉၃၆ ရက်စွဲဖြင့် ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင် ဂုဏ်ထူးတန်းတက်ရောက် ပညာသင်ယူနေသူသား ကိုသိန်းဟံက ဖခင် ဦးထွန်းဝင်းထံ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာမှ သဒ္ဒါအမှားများကို ပြင်ပေးထားသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ် တက္ကသိုလ်ကျောင်းသားအများစု ရေးသားထားသော စာများမှ သဒ္ဒါအမှားများကို ပြင်ပေးသည်ထက်၊ အသစ်ပြန်ရေးပေးသည်က လွယ်ကူပေလိမ့်မည်။

ဦးထွန်းဝင်းသည် ၂၉ ဒီဇင်ဘာ ၁၉၄၉ တွင် “သမ္ဗဒါတရားတော်နှင့် လူတို့၏ ကျင့်စဉ်ကျမ်း”ကိုလည်းကောင်း၊ ၁၉၄၉ မှာပင် “စကားပုံညွန့်ပေါင်း”ကိုလည်းကောင်း ရေးသားပြုစုခဲ့သည်။

ဦးထွန်းဝင်းသည် ခေတ်ကာလ၊ အခြေအနေနှင့် လိုက်လျောညီထွေရှိအောင် ဦးဇိနဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ စည်းမျဉ်းဥပဒေကို ရေးဆွဲပေးခဲ့သည်။ မိမိကိုယ်တိုင်လည်း ကာလအတန်ကြာ ဂေါပကဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဝတ်လုံတော်ရလည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်သော ဦးထွန်းဝင်းတွင် မိတ်သင်္ဂဟပေါများသည်။ ထိုစဉ်က မော်လမြိုင်တွင် တည်းခိုခန်းဟူ၍ မယ်မယ်ရရ မရှိသဖြင့် ရပ်ဝေးမှ မိတ်ဆွေများသည် ဦးထွန်းဝင်းအိမ်မှာပင် တည်းခိုကြသည်။ ဧည့်သည် သားသမီး (၁၀)ဦးနှင့် အိမ်ဖော်များပေါင်းလိုက်လျှင် နေ့စဉ်လူ (၂၀)ကျော် (၃၀)ခန့်ရှိသည်။

ဦးထွန်းဝင်း၏ အိမ်သည် အထက်လမ်းမကြီးတွင်ရှိသည်။ အိမ်နံပါတ်မှာ (၉၄)၊ အိမ်အမည်မှာ “အီဒင်ဟတ်” (Edenhurst)ဖြစ်သည်။ အိမ်မှာ နှစ်ထပ်အိမ်ဖြစ်၍ ဆင်ဝင်အပေါ်ထပ်သည် လခြမ်းသဏ္ဍန်ရှိပြီး  ကျယ်ဝန်းသည်။ ဘုရားခန်းမရှိချေ။ အိမ်သည် အရှေ့ဘက်သို့ မျက်နှာမူထားသဖြင့် သစ်ပင်များမကြီးထားစဉ်က ဦးဇိနဘုရားကို ထင်ထင်ရှားရှားကြည်ညိုဘွယ်ဖူးမြင်နိုင်သည်။ ညစဉ် (၇)နာရီတိတိအချိန်တွင် အိမ်ရှိလူကုန် ဦးဇိနဘုရားကို လှမ်းမြော်ဦးခိုက်၍ ရှိခိုးဝတ်ပြုကြရသည်။

မင်းတိုင်ပင်အမတ်ဟောင်း၊ လွှတ်တော်ရှေ့နေကြီး ဦးထွန်းဝင်းသည် ၂၀ ဇန်နဝါရီ ၁၉၆၁ တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၆)နှစ်ရှိပြီဖြစ်သည်။

ဦးထွန်းဝင်း၏ (၈၆)နှစ်ကြာ ဘဝခရီးကို ပြန်လည်လေ့လာသောအခါ ဝတ်လုံတော်ရ မင်းတိုင်ပင်အမတ်၊ (၂၁)ဦး ပါတီဝင်ခွဲရေးသမား၊ သုတဓမ္မစာရေးဆရာ၊ သာသနဓရအသင်း ဥက္ကဋ္ဌ၊ မြူနီစီပယ် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု စုံစမ်းရေးကော်မတီ ဒု-ဥက္ကဋ္ဌနှင့် ဘုရားဂေါပက ဥက္ကဋ္ဌ တာဝန်အမျိုးမျိုးကို ထမ်းဆောင်သွားကြောင်း တွေ့ရသည်။

ဦးထွန်းဝင်းတစ်ယောက် ခွဲရေးတွဲရေးကိစ္စများဖြင့် ဗျာများနေစဉ်၊ မော်လမြိုင်တစ်ခွင်တွင် ဟိုးလေးတကျော်ဖြစ်သွားသော၊ လူသတ်မှုတစ်ခုဖြစ်ပွားသည်။ ၂၉ ဇွန် ၁၉၃၃ တွင် မော်လမြိုင် တောင်လေးလုံးကျောင်တိုက်ဆရာတော် ဦးစက္ကိန္ဒသည် လူဆိုးများ၏ သတ်ဖြတ်ခြင်းခံရသဖြင့် ပျံလွန်တော်မူခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် ထိုးသတင်းသည် မော်လမြိုင်တစ်မြို့လုံးသို့ တောမီးပမာပျံ့နှံ့သွားသည်။ ကျောင်းတကာများသည် မြို့မျက်နှာဖုံးများဖြစ်ကြသော ဆာဦးသွင်နှင့် ဇာတ်မီးသူဌေး ဦးအုန်းဖေ တို့ဖြစ်ကြသည့်ပြင်၊ ဦးစက္ကိန္ဒမှာလည်း ထိတ်ထိတ်ကြဲ ဓမ္မကထိက အကျော်အမော်ဆရာတော် တစ်ပါးဖြစ်၍ တစ်မြို့လုံးအုတ်အော်သောင်းနင်းဖြစ်သွားသည်။ ပုလိပ်(ရဲ)များက စုံစမ်းစစ်ဆေးမှုများ ကာလအတန်ကြာပြုလုပ်သော်လည်း၊ အမှုမှန်ကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိချေ။

(၃)နှစ်ခန့်ကြာသောအခါ မြိတ်မြို့နယ်တွင် လူဝင်စားလေး တစ်ဦးပေါ်ပေါက်လာသည်။ (၃)နှစ်အရွယ် လူဝင်စားလေးက “မော်လမြိုင်တွင် မိမိကျောင်းတိုက်ရှိကြောင်း၊ ကျောင်းတိုက်သို့သွားလိုကြောင်း” အကြိမ်ကြိမ်ပူဆာသည်။ နောက်ဆုံးမိဘနှစ်ပါးက သားငယ်ကို မော်လမြိုင်မြို့သို့ ပို့ပေးသည်။ မော်လမြိုင်ဆိပ်ကမ်းသို့ရောက်သောအခါ သားငယ်သွားရာနောက်မှ လိုက်သွားကြရာ ကျောင်းတိုက်ကြီးတစ်တိုက်သို့ ရောက်သွားကြသည်။ အဆိုပါကျောင်းတိုက်ကြီးကား “တောင်လေးလုံးကျောင်းတိုက်”ပေတည်း။

ကျောင်းတိုက်သို့ရောက်သောအခါ လူဝင်စားလေးက မိမိသည် ယခင်ဘဝဟောင်းက ကျောင်းတိုက်ဆရာတော်ဖြစ်ကြောင်း ပြန်ပြောင်းပြောပြသည်။ ကျောင်းတိုက်နှင့် ပတ်သက်သောကိစ္စအဝ၀ကိုလည်း ပြန်ပြောနိုင်သည်။ ပြောသမျှအားလုံး မှန်သည်။ ကျောင်းတိုက်တွင် သတင်းသုံးနေသော မိမိတပည့်ဟောင်း သံဃာအားလုံးကိုလည်း မှတ်မိသည်။ ဘွဲ့အမည်များကိုလည်း မှန်ကန်စွာ ပြောနိုင်သည်။
ထိုစဉ်က ကျောင်းတိုက်အတွင်းရှိနေကြသော ရဟန်းသံဃာနှင့် ဒကာများက လူဝင်စားလေး ဆရာတော်ဘဝတွင်ရှိခဲ့သော ကပ္ပိယကြီး၏ အမည်ကို မေးမြန်းသောအခါတွင်ကား လူဝင်စားလေးသည် “ကြောက်စ ကြောက်စ”ဟု အော်ပါလေတော့သည်။ (“ကြောက်စ”သည် မြိတ်စကားဖြစ်၍ “ကြောက်တယ်”ဟု အဓိပ္ပါယ်ရသည်။)

လူဝင်စားလေးကို “ဘာကြောင့် ကြောက်သလဲ”ဟု ဝိုင်းဝန်းမေးမြန်းသောအခါ လူဝင်စားလေးက ကြေကွဲဘွယ်ကောင်းလှသော မိမိ၏ အတိတ်ဘဝကို အောက်ပါအတိုင်းပြောပြသည်။

“ကပ္ပိယကြီးနှင့် လူတစ်စုက မိမိကို ဓားဖြင့်ထိုးသတ်ကြကြောင်း၊ မိမိကထွက်ပြေးရာ၊ မော်လမြိုင်ကမ်းနားသို့ ရောက်သွားကြောင်း၊ ကမ်းနားတွင် လှေကြီးတစ်စီးတွေ့ကြောင်း၊ ထိုလှေကြီးကိုစီး၍ သွားကြောင်း၊ မြိတ်ကမ်းခြေရှိ ရွာကလေးတစ်ရွာသို့ ရောက်သွားကြောင်း၊ ထိုရွာကလေးသို့ရောက်သောအခါ လက်ရှိမိဘအိမ်တွင်ဝင်နေကြောင်း”ဟူ၍ ဖြစ်သည်။

ကျောင်းမှ ထွက်ပြေးပုံ၊ ကမ်းနားလမ်းရောက်ပုံ၊ လှေကြီးတွေ့ပုံ၊ လှေကြီးစီး၍ လိုက်သွားပုံ၊ လက်ရှိမိဘအိမ်တွင် ဝင်ရောက်နေထိုင်ပုံတို့သည် ပျံလွန်တော်မူခါနီးအချိန်က ထင်ခဲ့သော “ဂတိနိမိတ်”များ ဖြစ်ကြသည်။

လူဝင်စားလေး၏ ပြောပြချက်များကို အခြေပြု၍ ပုလိပ်(ရဲ)များက လိုက်လံစုံစမ်းစစ်ဆေးရာ တရားခံအားလုံးကို ဖမ်းမိသည်။
ကာလအတန်ကြာသော် ကျောင်းတိုက်အမိုးရှိ ရေထံလျောက်က မိုးယိုသဖြင့်တက်၍ ဖာထေးကြသည်။ အမိုးဖာသူများက ရေတံလျောက်ပေါ်တွင် ဦးစက္ကိန္နသိုဝှက်သိမ်းဆည်းထားသော ငွေဒင်္ဂါး(၆၀ဝ၀)ကို တွေ့ရသည်။ ထိုခေတ်က ရွှေတစ်ကျပ်သား ဈေးနှုန်းမှာ ငွေဒင်္ဂါးအပြား (၂၀)ဖြစ်သည်။ ငွေဒင်္ဂါး (၆၀ဝ၀)သည် ရွှေ (၃)ပိဿာနှင့် ညီမျှသည်။ ထိုငွေဒင်္ဂါး (၆၀ဝ၀)သည် ပင်လျှင် သေမင်းကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်ရပ်မှန် ဇာတ်လမ်းကို ရေးသားပြီးချိန်တွင် အတွေးတစ်ခုဝင်လာသည်။
“အကယ်၍ ဦးထွန်းဝင်းသည် အခြားတစ်မြို့တစ်ရွာတွင် လူဝင်စားပြန်ဖြစ်၍ မော်လမြိုင်သို့ အလည်အပတ်ရောက်ခဲ့လျှင် “မိုင်ဒါကွင်း”ကြီးကို တွေ့မြင်ရတော့မည် မဟုတ်ချေ။ မိမိမြူနီစီပယ် ဥက္ကဋ္ဌ ဘဝက၊ အပတ်တကုတ် ကြိုးပမ်းမှုကြောင့် ပိုင်ရှင်အစစ်အမှန်ဖြစ်သော မြူနီစီပယ်အဖွဲ့လက်အောက် ပြန်လည်ရောက်ရှိလာသော သံလွင်ဥယျာဉ်ကြီး ကျဉ်းမြောင်းသွားသည်ကို တွေ့မြင်ရလျှင် ဝမ်းနည်းပက်လက်ဖြစ်ရှာပေလိမ့်မည်”ဟူ၍  ဖြစ်သည်။

တစ်ဆက်တည်းမှာပင်၊ တစ်ချိန်က ဖတ်ခဲ့ရသော ပုံပြင်လေးတစ်ပုဒ်ကိုလည်း ပြောပြလိုပါသည်။
“တစ်ခါတုန်းက အာရပ်ကုန်သည် တစ်ယောက် ကုလားအုပ်တစ်ကောင်နဲ့ လှည့်လည်သွားလာပြီး ကုန်ရောင်းကုန်ဝယ်လုပ်တယ်။ တစ်နေ့တော့ လမ်းခရီးမှာ နေရာကောင်းလေးတစ်ခုတွေ့တာနဲ့၊ တဲကလေးတစ်လုံးထိုးပြီး ခိုနေတယ်။ အပြင်မှာတော့ ရာသီဥတုက အလွန်အေးနေတယ်။
ကုလားအုတ်က တဲအတွင်း ခေါင်းပြူပြီး အပြင်မှာ အေးလွန်းလို့ ကျုပ်ရဲ့ခေါင်းကလေးကို တဲအတွင်းထားပါရစေလို့ ခွင့်တောင်းတယ်။ ကုန်သည်က ပထမအကြိမ်အဖြစ် ကုလားအုတ်ခေါင်းကို တဲအတွင်းသွင်းခွင့်ပြုလိုက်တယ်။

ကုလားအုတ်က ခေါင်းကတော့ နွေးသွားပါပြီ၊ လည်ပင်းက အေးနေတယ်။ လည်ပင်ကိုလည်း ထပ်သွင်းခွင့်ပေးပါလို့ ခွင့်တောင်းတယ်။ ကုန်သည်က ဒုတိယအကြိမ်အဖြစ် လည်ပင်းကို သွင်းခွင့်ပြုလိုက်တယ်။

ကုလားအုတ်က လည်ပင်ကတော့ နွေးသွားပါပြီ၊ ရှေ့ခြေနှစ်ချောင်းက အေးနေတယ်။ ရှေ့ခြေနှစ်ချောင်းကိုလည်း ထပ်သွင်းခွင့်ပေးပါလို့ ခွင့်တောင်းတယ်။ ကုန်သည်က တတိယ အကြိမ်အဖြစ် ရှေ့ခြေနှစ်ချောင်းကို သွင်းခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ကုလားအုတ်ရဲ့ ကိုယ်တစ်ဝက် တဲအတွင်းရောက်သွားတယ်။

ဒီနောက် ကုလားအုတ်က ရှေ့ခြေနှစ်ချောင်းကတော့ နွေးသွားပါပြီ၊ ခန္ဓာကိုယ်နဲ့ နောက်ခြေနှစ်ချောင်းကတော့ အေးစက်နေတုန်းဘဲလို့ ထပ်ပြောတဲ့အခါ ကုန်သည်က ဒါတော့ ငါမကူညီနိုင်တော့ဘူးလို့ ငြင်းလိုက်တယ်။

ဒီအခါ ကုလားအုတ်က အရှင်ဘေးနားကို နဲနဲတိုးလိုက်ရင် ဝင်လို့ရပါပြီဆိုတယ်။ ကုန်သည်က တစ်ကိုယ်လုံးတော့ မဝင်ပါနဲ့၊ မဆံ့ဘူးလို့ ပြောတယ်။

ကုလားအုတ်က နဲနဲလေးဝင်မှာပါလို့ ပြောတယ်။ ပြောရင်းဆိုရင်း ကုလားအုတ်ရဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးတဲထဲရောက်သွားတယ်။
ကုန်သည်က ကုလားအုတ်ကို ဟေ့ဟေ့ရပ်တော့ ဒီတဲက နှစ်ဦးစာဆောက်ထားတာမဟုတ်ဘူးလို့ ဆိုတယ်။ ဒီအခါ ကုလားအုတ်က ဒီလိုဆိုရင် သင်ထွက်သွားလို့ ကုန်သည်ကို နှင်ထုတ်တယ်။

ဒီအခါ ကုန်သည်က ဒေါသထွက်လာပြီး၊ ဒါ-ငါ့တဲ မင်းသာထွက်သွားလို့ အော်ဟစ်တယ်။ ကုလားအုတ်ကလဲ ဒီတဲမှာ ကျုပ်နေမယ်၊ သင်သာထွက်သွားလို့ ပြန်ပြောပြီး၊ ကုန်သည်ကို တဲအပြင်တွန်းထုတ်လိုက်တယ်”

(စာကိုး။ မောင်ခေတ်ထွန်း “နိုင်ငံစုံပုံပြင် ၁၀ဝ”၊ ရန်ကုန်၊ ဓူဝံစာပေ၊ ၂၀၁၇ ခု၊ ပထမအကြိမ်၊ စာမျက်နှာ ၁၅၄-၅)

မော်လမြိုင်မြို့သူ မြို့သား အပေါင်းတို့ ခေတ်သစ်ကုလားအုတ်များ အန္တရာယ်ကို စုပေါင်းကာကွယ်ကြပါစို့။

Written by – အံ့ကျော်

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်