ဓာတ်ပုံ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ဒီဇင်ဘာ ၄

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာတစ်ရပ်မှာ သတင်းမှား ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းအကြောင်းအရာကို ဘုန်းမြင့်ဆိုသော အကောင့်ပိုင်ရှင်က ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ရေးသားဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက် မွန်းတည့်တွင် စိစစ်တွေ့ရှိရသည်။ Reaction လုပ်သူ ၃၀၀ ကျော်၊ ပြန်လည်မျှဝေ Share လုပ်သူ ၃၀၀ ကျော် ရှိကြောင်းလည်း တွေ့ရသည်။

“UEC ကြိုက်ရာရွေး၊ UECက အဖွဲ့ခြောက်ယောက် နှုတ်ထွက်တယ်လို့ ကြားတယ်။ အမည်စာရင်း အတိအကျ မသိရသေးလို့ သတင်း မတင်ပေးသေးတာပါ။ အမှန်တကယ်နှုတ်ထွက်တယ်ဆိုရင်လည်း အောက်ပါပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများအရ ရှောင်လွှဲ၍ မရပါ။ ပြစ်မှုထိန်ချန်မှု၊ ပူးပေါင်းကြံစည်မှု၊ အားပေးအားမြောက်မှု၊ သက်သေခံကူးယူခွင့်မပြုမှု စသည့်အမှုများအတွက် တစ်မှုလျင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၃နှစ် ငွေဒဏ်ပါ၊ ခိုးမှု ၄၂၀ အလုပ်ကြမ်းနှင့်ထောင်ဒဏ်၆လ၊ စာရွက်စာတမ်းများအား ​ဖျောက်ဖျက်မှု၊ အာဏာ လိမ်လည်ရယူမှု အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆၈နှစ်မှ၉၀နှစ်ထိအထိကျခံရမည်ဟု ဖော်ပြထားပါသည်။​အပြစ်လျော့ပေါ့ရန်အမှုမှန်အားကြိုတင်ဖြောင့်ချက်ပေးလျင်တော့ပြစ်ဒဏ်လျော့ပေါ့နိုင်ကြောင်းသိရပါသည်။ကြိုက်တာရွေးပေါ့UECရယ်…”ဟူ၍ဖြစ်သည်။

အထက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။ နောက်ဆက်တွဲ ရေးသားဖော်ပြချက်အနေဖြင့် “Crd:သခင်ကြီး၊ Bhone MyintThu”ဟူ၍လည်း ဖော်ပြထားသည်။

ယင်းဖော်ပြချက်အပေါ် Screenshot ဖြင့် ဓာတ်ပုံရယူပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်” ဟူ၍ ခေါင်းစဉ်တပ်ကာ ယနေ့ ဒီဇင်ဘာ ၄ မွန်းမတည့်မီ ၁၁ နာရီ ၃၉ မိနစ်တွင် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

မွန်းလွဲပိုင်းတွင်မူ ဘုန်းမြင့်ဆိုသော အကောင့်ပိုင်ရှင်၏ ပို့စ်ကို မတွေ့ရတော့ပေ။

===

ဓာတ်ပုံ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Leave a Reply