Advertisements

ရန်ကုန် ၊ အောက်တိုဘာ ၂၄

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင်လက်မှတ်ရေးထိုးရေး အစိုးရ နှင့် တရားဝင်တွေ့ဆုံမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် သိရှိရလိမ့်မည်ဟု မျှော်လင့်ကြောင်း UNFC က ဖွဲ့စည်းထားသည့် DPN ငြိမ်းချမ်းရေးကိုယ်စားလှယ် နိုင်အောင်မငေးကပြောသည်။

ယနေ့ ရန်ကုန်မြို့ NRPC ရုံးတွင် ကျင်းပပြုလုပ်သည့် အစိုးရ နှင့် DPN တို့၏ သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“NCA ထိုးဖို့ ရာခိုင်နှုန်းအရပြောရရင် တော်တော်လေးများတယ်။ ဒီရှစ်ရက်နေ့မှာဆိုရင် အပြီးသတ်ပြောဖို့ ရည်မှန်းထားတယ်ဆိုတော့ လာမယ့် ၈ ရက်နေ့မှာ တိတိကျကျပြောနိုင်လိမ့်မယ်ထင်တယ်” ဟု နိုင်အောင်မငေးကဆိုသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC က အစိုးရကို အချက်ကိုးချက် တောင်းဆိုထားပြီး လက်ရှိအချိန်တွင် တောင်းဆိုထားသည်အချက်များမှ နံပါတ် ၂ အချက်ပါ စကားလုံးအသုံးအနှုန်းတစ်ချို့ နှင့် နံပါတ် ၅ အချက်အားညှိုနှိုင်းရန် ကျန်ရှိနေသေးသည်။

သဘောတူညီရန်ကျန်ရှိနေသေးသည် နံပါတ် ၅ အချက်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်(CoC) နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်(ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးတိုးကို ကြိုတင်သဘောတူညီမှုရယူရန် စသည်တို့ပါဝင်သည်။

UNFC ကဖွဲ့စည်းထားသော DPN နှင့် အစိုးရတို့သည် နိုဝင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ NRPC တွင် အဌမအကြိမ်မြောက်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply