မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို အနိုင်ရရှိခဲ့သော မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအနေဖြင့် လာမည့်လွှတ်တော်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မည်သို့လုပ်မည်၊ အစိုးရအား မည်သို့ထိန်းကြောင်းမည်၊ ရွေးကောက်ပွဲမဲဆွယ် ကတိများကို မည်သို့ အကောင်ထည်ဖော်ဆောင်သွာ စသည်များကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ ။    ။ ပထမအနေနဲ့ ချောင်းဆုံမြို့နယ်အတွက် ဘယ်လိုကဏ္ဍတွေကို လုပ်ဆောင်သွားဖို့ ရှိလဲခင်ဗျား။
ဦးအောင်ကြည်သိန်း ။    ။ အရင်ဆုံး လွှတ်တော် ခေါ်တာနဲ့ ချောင်းဆုံအတွက် တင်ပြသင့်တဲ့ ကိစ္စရပ်တွေ တင်ပြသွားမယ်၊ အရင်ကတည်းကလည်း ပြောထားတာရှိတယ်၊ လယ်သမားတွေအတွက် အရင်ဆုံး လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။

ဟင်္သာမီဒီယာ ။    ။ လယ်သမားတွေအတွက် ဘယ်လို လုပ်သွားပေးမှာလဲ။
ဦးအောင်ကြည်သိန်း ။    ။ လယ်သမားတွေအတွက်က ကျွန်တော်တို့ ဘက်မှာ ချောင်းတွေ မြောင်းတွေ ကောနေတဲ့ ကိစ္စတွေ တော်တော်များတယ်၊ ရေတံခါး မရှိတာလည်း ဖြစ်နေတယ်၊ မိုးတွင်းရောက်ရင် ရေကြီးရေလျှံ ဖြစ်နေတယ်၊ ဒီလိုတွေ ဖြစ်နေတော့ စိုက်ပျိုးရတာ အဆင်မပြေတာတွေ ဖြစ်နေတယ်၊ အဲဒါတွေကို စနစ်တကျလေး ဖြစ်အောင် ရေတံခါးတွေ၊ ရေနှုတ်မြောင်းတွေ၊ ချောင်းတွေ မြောင်းတွေ ပြန်လုပ်ချင်တယ်။
ပြီးတော့ လယ်သမားတွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေပေါ့၊ ဥပမာ စပါးမျိုတွေက အစပေါ့၊ စိုက်နည်း စနစ်တွေ စသည်အားဖြင့် ကျွန်တော်က သူတို့ကို ကူညီပံ့ပိုးသွားမယ်လို့ ပြောထားတာ ရှိတယ်၊ အဲဒီဟာတွေကို အရင်ဆုံး အကောင်အထည် ဖော်သွားမယ်၊ ပြီးရင် ဒီဒေသက ဒီအချိန်မှာ နည်းနည်း ရေရှားတယ်၊ ဒီအတွက် ရေတွင်း၊ ရေကန်တွေကို ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ပါတီဘက်ကလည်း လုပ်သွားမယ်။
ပြောရရင်တော့ အလှူခံသွားမယ်ပေါ့၊ ဒီနွေကတော့ လုပ်ပေးဖို့ဟာ မှီချင်မှ မှီတော့မယ်၊ နောက်နှစ်တွေ နှစ်တွေ အတွက် ဖြစ်သွားမယ်၊ ရွာတွေမှာက တော်တော်များများ ရေရှားတယ်၊ ရေတွင်းတွေ တူးပေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒီအတွက်ကို ပါတီဘက်ကကော နောက်ပြီး အစိုးရဘက်ကလည်း ပေါင်းပြီး လုပ်သွားပေးမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ ။    ။ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပါတီလမ်းစဉ်အတိုင်းပဲ ရှေ့ဆက် လုပ်ဆောင်သွားမှာလား။
ဦးအောင်ကြည်သိန်း ။    ။ လောလောဆယ်က ကျွန်တော် ဒီမှာ ပြောထားတာလည်း ရှိပါတယ်၊ လယ်သမားတွေကို ကူညီပေးမယ်၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီပေးမယ်လို့ စသည့်ဖြင့် ပြောထား ရှိတယ်၊ ပါတီဆိုက်ဘက်ကတော့ ကျွန်တော်ကို ဒီနေ့ဒီအချိန်အထိ လမ်းညွှန်ထားတာ မရှိဘူး၊ မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ကတော့ ပါတီလမ်းစဉ်အတိုင်းတော့ ရှိမှာပါ။

ဟင်္သာမီဒီယာ ။    ။ ပါတီလမ်းစဉ်အတိုင်းဆိုတာက ရွေးကောက်ပွဲတုန်းက မဲဆွယ်ခဲ့တဲ့ မူဝါဒလေးအတိုင်း သွားဖို့ကို ပြောတာလား။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော်တို့ ကန်ပိန်းရှင်းတုန်းက အမှန်တကယ် ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့ ဆိုတဲ့ message လေးတစ်ခုနဲ့ လုပ်ခဲ့တယ်၊ နောက်တစ်ခုက ကျွန်တော် မဲဆွယ်စည်းရုံးုတုန်းက အမျိုးသားရေးကို ဦးထိပ်ထားတဲ့ ပါတီတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့ ပါတီကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မညှိုးနွမ်းစေရဘူးဆိုတဲ့ အချက်တွေကို ထည့်ပြီးပြောခဲ့တယ်။

ဟင်္သာမီဒီယာ။    ။ ပါတီက လက်ရှိသွားနေတဲ့ မူဝါဒအပိုင်းလေးကို ပြောပေးပါဦး။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော်တို့ ပါတီက မူဝါဒနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ ထူးထူးခြားရယ်လို့ မရှိပါဘူး၊ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကလည်း မူဝါဒနဲ့ ပတ်သက်ပြီး ပြောသွားတာရှိတယ်၊ အခုပါတီအသစ် ပြန်ဖွဲ့ပြီး နောက်ပိုင်းမှာ ကြားဖြတ်ရှိလို့ ကြားဖြတ်အတွက် ဦးစာပေးဆောင်ရွက်တာပဲ ရှိပါတယ်၊ ကျွန်တော်တို့ မူဝါဒတွေကတော့ ပါတီဥက္ကဋ္ဌကြီး အစည်းအဝေးတွေမှာ ပြောသွားတာတော့ ရှိပါတယ်၊ လက်ရှိမှာ ဒီဟာတွေပဲ ရှိပါသေးတယ်။

ဟင်္သာမီဒီယာ ။    ။ ဒီတစ်ခေါက် လွှတ်တော်ခေါ်ရင် ပြန်တတ်ရတော့မယ်ဆိုတော့ လွှတ်တော်ရောက်ရင် NLD ပါတီဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ရှိလား။
ဦးအောင်ကြည်သိန်း ။    ။ ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ဒီကိစ္စကို ကျွန်တော် အစကတည်းက စဉ်းစားထားပြီး သားပါ၊ ဒီကိစ္စတွေကို ကျွန်တော် တစ်ယောက်ထဲ လုပ်လို့လည်း ဖြစ်မှာမဟုတ်ဘူး၊ နောက်ပြီး ဒီချောင်းဆုံမြို့နယ် NLD ရှိမယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရှိမယ်၊ နောက်ပြီး ကျွန်တော်တို့ ရှိမယ်၊ ဒီသုံးခုနဲ့ ကျွန်တော်တို့ ပေါင်းပြီး လုပ်သွားမှာပါ၊ စိတ်ချပါ၊ ကျွန်တော် တစ်ယောက်ထဲ ခွဲပြီးတော့လည်း လုတ်သွားမှာလည်း မဟုတ်ဘူး၊ အားလုံးနဲ့ပေါင်းပြီး လုပ်သွားမှာပါ။

ဟင်္သာမီဒီယာ ။    ။ ဒီလို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အခက်အခဲတွေ ရှိလာမယ်လို့ ထင်လား။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော့် မရှိလောက်ဘူးလို့ ထင်တယ်၊ ကျွန်တော်က ဌာနဆိုင်ရာမှာ အတွေ့ အကြုံ ရှိပြီးသားဆိုတော့ လုပ်ငန်းပတ်သက်တဲ့ အတွေ့မကြုံ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာရှိမယ်၊ အစိုးရရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာရှိမလဲဆိုတာရယ်၊ နောက်ပြီး ဌာနဆိုင်ရာတွေရယ်၊ အားလုံးက ကိုယ့်အလုပ် ကိုယ့်လုပ်သွားရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး၊ ကျန်တဲ့ လူတွေအတွက်တော့ မသိဘူး၊ ကျွန်တော်အတွက်ကတော့ မရှိပါဘူး။

ဟင်္သာမီဒီယာ ။    ။ ချောင်းဆုံ တံတားကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဒေသခံတွေက အမည်ပေးမှုကို ကန့်ကွက်မှုတွေလည်း ရှိနေတယ်ဆိုတော့ ဆရာရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော်တို့က ပါတီအနေနဲ့လည်း သဘောထား ထုတ်ပြန်ထားတာ ရှိတယ်၊ ဘာလဲဆိုတော့ ဒေသခံတွေရဲ့ သဘောဆန္ဒအတိုင်းလို့ ထုတ်ပြန်ထားတယ်၊ အဲဒီတော့ ကျွန်တော်အနေနဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒအတိုင်းပါပဲ၊ နောက်ဆုံး တစ်ခုက ကျွန်တော်တို့ သင်္ကြန်ကာလမှာ အခက်အခဲ ဖြစ်နေတယ်၊ ကားတွေ ကူးရတဲ့ အခက်အခဲတွေ ရှိနေတယ်၊
ကျွန်တော်ကိုယ်တိုင် ဒီအခက်အခဲကို ကန်ပိန်းကာလတုန်းက နေ့တိုင် မော်လမြိုင်ကို အတတ်အဆင်း ရှိခဲ့တယ်၊ သဘောက တံတားပြီးရင်တော့ ဖွင့်ပေးဖို့ကို လိုလားပါတယ်၊ တစ်ရက်စောစော ဖွင့်ရင်တော့ တစ်ရက် ပိုကောင်းတာပေါ့၊ ကျွန်တော်ကတော့ တံတားနာမည်နဲ့ ပတ်သက်ပြီး ဘယ်နာမည်နဲ့ပဲ ဖွင့်ဖွင့် တံတားဖွင့်ဖို့ပဲ အရေးကြီးတယ်၊ ဒါကလည်း ပြည်သူတွေ ဆန္ဒအမှန်ပါပဲ၊ ပြည်သူတွေက တံတားနာမည်နဲ့ ပတ်သက်ပြီး ငြင်းနေတော့ တံတားဖွင့်ကိုပဲ အရေးကြီးနေတယ်၊ ဒေသခံ တော်တော်များများက တံတားဖွင့်ဖို့ကို တော်တော်လေးကို သူတို့ဘက်က အာခဲထားတယ်၊ ကားတွေ ကူးဖို့က မော်လမြိုင်ဘက်ကော ချောင်းဆုံ ဘက်ကော အခက်အခဲ ရှိနေတယ်၊ တံတားကတော့ ဖွင့်ဖို့ပဲ အရေးကြီးတယ်။

ဟင်္သာမီဒီယာ ။    ။ မွန်ပြည်နယ်မှာ လက်ရှိမှာ ပြဿနာများစွာ ရှိနေတယ်လို့ သိရတယ်၊ အဓိကကတော့ ကျောက်မီးသွေး အသုံးပြုလည် ပတ်နေမှုကို ဆရာအနေနဲ့ လွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့နဲ့ အဆိုတင်သွင်းသွားဖို့ ရှိလား။
ဦးအောင်ကြည်သိန်း ။    ။ အဲဒါကို ကျွန်တော် မလေ့လာရသေးဘူး၊ သူတို့ ဆီမှာ ဖြစ်နေတာတွေကို ကျွန်တော် မသိသေးဘူး၊ အဲဒါတော့ ကျွန်တော် သိပ်ပြီးတော့ သိပ်ကျတဲ့ အဖြေမပေးနိုင်သေးဘူး။

ဟင်္သာမီဒီယာ ။    ။ ဆရာအနေနဲ့ ချောင်းဆုံ ဒေသခံတွေရဲ့ လယ်သမား အခွင့်အရေးတွေ ရေရှားပါးမှုတွေကို အဓိက ဖြေရှင်းပေးမယ်ဆိုတော့ တခြားလုပ်ပေးမယ့် တခြားအကြောင်းအရာတွေက ဘာတွေ ရှိသေးလဲ။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော်က လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ဒေသလိုအပ်ချက်တွေကို အမြဲမပြတ် စောင့်ကြည့်သွားမယ်၊ ဖြစ်လာတဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး အစဉ်ဆက်မပြတ် ထိတွေ့ လုပ်သွားမယ်၊ အခုလည်း ကျွန်တော် ရွာတွေကို ဆင်းနေတယ်၊ စပါးဈေးနှုန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ဒေသခံတွေ ဆန္ဒအတိုင်း တင်ပြသွားမှာပါ၊ အဲဒါတွေက ဒုတိယ ဦးစားပေးပါ၊ ဒုတိယ ဦးစားပေးဆိုပေမယ့် အဲဒါတွေက တပြိုက်နက်ထဲ လုပ်ရမယ့် ကိစ္စရပ်တွေ ဖြစ်တယ်၊ နောက်ပြီး ဒေသခံတွေထဲမှာ တော်တဲ့သူတွေ ရှိပါတယ်၊ အဲလူတွေနဲ့ တိုင်ပင်ပြီး တင်ပြသင့် ကိစ္စရပ်တွေကို လွှတ်တော်မှာ တင်ပြသွားမှာပါ။

ဟင်္သာမီဒီယာ ။    ။ လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်က ဒီအုပ်ချုပ်ရေး ယန္တရားတစ်ခုကို အကောင်းဆုံး ထိန်းချုပ် လုပ်ဆောင်နိုင်မယ်လို့ ထင်လား။
ဦးအောင်ကြည်သိန်း ။    ။ အဲဒါကတော့ သူတို့ အစိုးရနဲ့ပဲ ဆိုင်မယ်၊ ဗဟိုချုပ်ကိုင်မှုများသွား သိပ်အဆင်ပြေမှာ မဟုတ်ဘူး၊ ဒါက ကျွန်တော် အမြင်ဖြစ်တယ်၊ နောက်ပြီး ပါတီအနေနဲ့ သိပ်ချုပ်ကိုင်ရင်လည်း သိပ်မဟုတ်ဘူးပေါ့၊ ဒီအစိုးရအဖွဲ့က ဒီဟာကို လည်ပတ်နေတယ်၊ အားလုံးက အရည်အချင်း ရှိကြပါတယ်၊

ဟင်္သာမီဒီယာ ။    ။ လက်ရှိမှာကော ဗဟိုချုပ်ကိုင်မှုက တော်တော်များသွားပြီးလား။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော် မြင်တာတော့ ဥပမာအနေနဲ့ တံတား နာမည်ကအစ ပြည်ထောင်စုက ပေးတာလေ၊ အမှန်ဆိုရင် ဒီလို ဖြစ်ရမှာတော့ မဟုတ်ဘူး၊ ဒါက ကျွန်တော် အမြင်ဖြစ်တယ်၊ ဒါလေးပဲ ပြောပရစေ ပြည်သူတွေက သိကြပါတယ်။

ဟင်္သာမီဒီယာ ။    ။ နောက်ဆုံးအနေနဲ့ တခြားဘာများ ဖြည့်စွက်ပြီး ပြောချင်သေးလဲ။
ဦးအောင်ကြည်သိန်း ။    ။ ကျွန်တော်တို့ ဘီးလူကျွန်းမှာက အခုဘုရားပွဲဖြစ်နေပြီး၊ ဒီတော့ ရပ်ဝေးရပ်နီးက ဧည်သည်တွေ လာပြီးပျော်ကြတယ်၊ အဲဒီတော့ ပြန်ရင်သူတို့က တံတားလေးကို ဖြတ်သန်းချင်ကြတဲ့ အာသီသလေးတွေ ရှိကြတယ်၊ ကျွန်တော် ရွာတိုင်းကို သွားဖြစ်ပါတယ်၊ ဘုရားပွဲက သင်္ကြန် အကြိုနေ့ ကတည်းက စပါတယ်၊ ဒီကိုလာတဲ့ သူတွေအားလုံး ပြောနေတဲ့ စကားလုံးက တံတားဖြတ်ချင်တယ်၊ ဒီစကားက လူတိုင်လူတိုင်မှာ ရှိနေကြတယ်၊ ကျွန်တော် ပြောချင်တာက တံတား အမြန်ဆုံးဖွင့်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။

ဇော်ထိုက် တွေ့ဆုံမေးမြန်းသည်

Leave a Reply