မော်လမြိုင်၊ ဇွန် ၇

မော်လမြိုင်မြို့ တောင်ရိုးတန်း View Point တွင် ဇွန် ၇ ရက် နံနက် ၃ နာရီခန့်က သူငယ်ချင်း အချင်းချင်း ထိုင်စကားပြောနေသည့် လူငယ်တစ်ဦးကို သေသည်အထိ ရိုက်နှက်ခဲ့သူ သုံးဦးအပြင် ယင်းဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သည့် လိင်တူချစ်သူ တစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးနေကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လက်ရှိမှာတော့ တရားခံသုံးဦးကို ဒီနေ့ညနေ ၆ နာရီခွဲလောက်က ဖမ်းဆီးရမိထားပါတယ်” ဟု မော်လမြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်က ပြောသည်။

ဖြစ်စဉ်မှာ ဇွန်လ ၆ ရက် ည ၇ နာရီခန့်က သေဆုံးသူ မောင်ရှိုင်းဝဏ္ဏအောင်က မော်လမြိုင်မြို့၊ အေးသာယာရပ်ကွက်ရှိ နေအိမ်၌ ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းများဖြစ်သည့် မောင်ဝင်းဦးနှင့် မောင်ဇော်ဝင်းတို့နှစ်ဦး ရောက်ရှိလာပြီး ခေါ်ဆောင်သွားကြောင်း သေဆုံးသူ၏ မိခင် ဒေါ်ဇင်မာဦးမှ ရဲစခန်းသို့ လာရောက် တိုင်ကြားစာမှတ်တမ်းအရ သိရသည်။

ထိုသို့ သားဖြစ်သူ မောင်ရှိုင်းဝဏ္ဏအောင်နှင့် ၎င်းသူငယ်ချင်းတို့က နေအိမ်မှ ထွက်သွားပြီး မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်းလမ်း (View Point ) ၌ ဇွန် ၇ ရက် နံနက် ၃ နာရီခန့်က ထိုင်စကားပြောနေစဉ် အမည်မသိ အမျိုးသား ၄ ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သံပိုက်ဖြင့် ရိုက်နှက်ခဲ့ရာ မောင်ရှိုင်းဝဏ္ဏအောင်မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

သံပိုက်ဖြင့် ရိုက်နှက်ခဲ့သူများမှာ မော်လမြိုင်မြို့ ကျွဲခြံကုန်းနှင့် ခြောက်မိုင်းရပ်ကွက်၌ နေထိုင်ကြသူ ဝေယံ (ခ) နူးဒင်၊ မင်းထက်ပိုင် (ခ) အီစမန်၊ ဇင်လင်းကိုနှင့် ထွက်ပြေးတိမ်းရှောင်နေသူ သန်းထိုက် (ခ) ပိုက်ကုလား (ခ) လဟယ်တို့ လေးဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

အရိုက်ခံရမှုကြောင့် သေဆုံးသူ ရှိုင်းဝဏ္ဏအောင်တွင် ညာဘက်ချိုစောင်း ချိုင့်ဝင်ဒဏ်ရာ၊ နားနာဖက် သွေးထွက်ဒဏ်ရာနှင့် ဘယ်ဘက်မျက်လုံး ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ အမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ကျိုက်မရောမြို့နယ် အလှပြင်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင် နေသည်ဟု မသန်း ဆိုသည့် လိင်တူချစ်သူ တစ်ဦးကိုလည်း မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မောင်ရှိုင်းဝဏ္ဏအောင်အား သေဆုံးအောင် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် နေထိုင်ကြသူ ဝေယံ (ခ) နူးဒင်၊ မင်းထက်ပိုင် (ခ) အီစမန်၊ ဇင်လင်းကိုနှင့် ထွက်ပြေးတိမ်းရှောင်နေသူ သန်းထိုက် (ခ) ပိုက်ကုလား (ခ) လဟယ်တို့ လေးဦးကို အရေးယူပေးပါရန် သေဆုံးသူ၏ မိခင် ဒေါ်ဇင်မာဦးက လာရောက်တိုင်ကြားသဖြင့် မော်လမြိုင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းမှ သိရသည်။

ခေတ်မင်း

Leave a Reply