မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် လွှတ်တော်၌ ငွေကြေးပြောင်းလွဲသုံးစွဲရန် အဆိုအောင်ထားသည့် VIP အဆင့်မြှင့် ဧည့်ရိပ်သာကို အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဒီအချိန်မှ အဆောက်အဦး တည်ဆောက်နေတာကို ရပ်လိုက်လိုလည်း ဘာမှသိပ်မထူးတော့ဘူး၊ ငွေကြေးက သိပ်မကျန်တော့ဘူး၊ ကျွန်တော်တို့ အစိုးရအဖွဲ့ကတော့ VIP ဧည့်ရိပ်သာကို အပြီးတည်ဆောက်ဖို့ အားလုံးက သဘောတူထားတယ်”ဟု ၎င်းက ဆိုသည်။

ကျပ်သိန်း ၁၂၀ဝ၀ ကျော်ဖြင့် ကုန်ကျခံ တည်ဆောက်နေသည့် VIP အဆင့်မြှင့် ဧည်ရိပ်သာ အဆောက်အဦ တည်ဆောက်မှုမှာ လေးထပ်ထိ ပြီးစီးနေပြီးဖြစ်ရာ အချောသတ်ရန်နှင့် အဆောက်အဦ အတွင်းပိုင်းကို အလှဆင်ရန်သာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။

ဥပဒေချုပ်ရုံးအသစ် တည်ဆောက်ရန် ရရှိထားသော ဘတ်ဂျက်ငွေသိန်း ၈၀ဝ၀ ကျော်သည် အဆေက်အဦ မစတင်ရသေးခြင်းကြောင့် ပြည်သူအကျိုးပြု လုပ်ငန်းများတွင် ပြောင်းလွဲသုံးစွဲရေးအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်တွင် VIP အဆင့်မြှင့် ဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံး တည်ဆောက်မည့် ဘက်ဂျက်ငွေ သိန်း ၂၀ဝ၀ဝ အစား ပြည်သူအကျိုး ပြုလုပ်ငန်းများ ပြောင်းလဲသုံးစွဲရန် အောက်တိုဘာ ၄ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် VIP အဆင့်မြှင့် ဧည့်ရိပ်သာကို စီမံကိန်းကို စတင်နေပြီးဖြစ်သည်။

နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနားနေနိုင်ရန်အတွက် တည်ဆောက်နေသည့် VIP အဆင့်မြှင့် ဧည်ရိပ်သာ တည်ဆောက်နေမှုကို လက်ရှိအချိန်တွင် ရပ်ဆိုင်းလိုက်ပါက ၄၂ သိန်းသာ ပြန်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုပ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

VIP အဆင့်မြှင့် ဧည်ရိပ်သာအတွက် ကုန်ကျမည့် ငွေသိန်း ၁၂၀ဝ၀ သည် မြေပြင် ဖောင်းဒေရှင်း အပါအဝင် ခြံစည်းရိုးခတ်ခြင်းများအတွက် ၅၀ ရာခိုင်းနှုန်းနှင့် လေးထပ် အဆောက်အဦး တည်ဆောက်ခြင်း အတွက် ၅၀ ရာခိုင်းနှုန်း ကုန်ကျခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့သည် ဇန်နဝါရီ ၆ ရက်နေ့က VIP အဆင့်မြှင့် ဧည့်ရိပ်သာ တည်ဆောက် ထားသည့် အခြေအနေများနှင့် ဘက်ဂျက် ကျန်ရှိသည့် ပမာဏများကို လွှတ်တော်ထံ လာရောက်တင်ပြခဲ့ပြီး ဆက်ဆောက် ခွင့်ပြုရန်လည်း တောင်းဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ လာရောက်ညှိနှိုင်းမှုကို မွန်ပြည်နယ် လွှတ်တော်အနေဖြင့် လက်မခံနိုင်ကြောင်းကို ဇန်နဝါရီ ၁၀ ရက်နေ့က စာပို့ အကြောင်းပြန်ထားကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။

“အန်တီတို့ကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၈ (က)၊ (ခ) သွားမယ်လို့ သူတို့ကို ပြောလိုက်တယ်၊ လုပ်တာ မလုပ်တာတော့ အစိုးရအဖွဲ့ရဲ့ အပိုင်းဖြစ်သွားမယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုသည်။

သိန်း ၁၂၀ဝ၀ ကုန်ကျမည့် VIP အဆင့်မြှင့် ဧည့်ရိပ်သာ၏ ငွေ ၅၀ ရာခိုင်နှုန်းသည် အဆောက်အဦးအတွက် ဖြစ်ပြီး ကျန်ငွေ ၅၀ ရာခိုင်နှုန်းသည် အဆောက်အဦး ပစ္စည်းဝယ်ယူရန် ဖြစ်နေသည့်အတွက် ယခုကိစ္စကို လက်မခံနိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

Written by – ဇော်ထိုက်

Leave a Reply