News Federal Times

ရန်ကုန်၊ မေ (၂) ရက် ။      ။ ရေဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးဖြစ်သဖြင့် ၂၀၁၇ ခုနှစ် ဇွန်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးရှိ ရေနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများထံ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီမှ သိရှိရသည်။
“မူကြမ်းရေးဆွဲပြီးပြီ။ ပြီးရင် ပြည်ထောင်စုဝန်ကြီးတွေ တိုင်း၊ ပြည်နယ်အသီးသီးက ဝန်ကြီးတွေဆီ ပေးပို့သွား မယ်။”ဟု အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ အကြံပေး ရေပညာရှင် ဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောသည်။
ရေနှင့်သက်ဆိုင်မှုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး သက်ဆိုင်ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ဝန်ကြီးများ စီမံခန့်ခွဲမှုလုပ်ဆောင်ရမည့်အချက်များလည်းပါဝင်ကြောင်း ဒေါ်ခင်နီနီသိန်းက ဆက်ပြောသည်။
ရေမူကြမ်းကို ပထမအဆင့်သုံးသပ်ပြင်ဆင်မှုပြုလုပ်ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ မြို့တော်ဝန် (၃)ဦး အပါအဝင် ဒုတိယ သမ္မတဦးဆောင်သည့် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီထံလည်း ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။


“ရေဥပဒေဆွဲနေတာ ကြားပါတယ်။ အခု ဝန်ကြီးတွေထံ တင်ပြမယ်ဆိုတော့ကောင်းတယ်။ ပြည်သူတွေကို လည်း သိအောင်လုပ်ပေးသင့်ပါတယ်။”ဟု လှိုင်သာယာမြို့နယ်နေ ဒေါ်သီရိက ပြောသည်။
မူကြမ်းပထမအဆင့်စိစစ်မှုကို မေလကုန်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ပညာရှင်အဖွဲ့ဝင်(၂၈)ဦး၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ဌာနအသီးသီးမှဝန်ထမ်း၊ ပညာရှင်များစုပေါင်းကာ ဥပဒေ၏ လိုအပ်ချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိရေးဆွဲထားသည့် ရေဥပဒေမူကြမ်းမှာ ရေအရင်းအမြစ်စီမံခန့်ခွဲခြင်း၊ ရေလမ်းကြောင်းသွားလာမှုကဏ္ဍ၊ ရေအားလျှပ်စစ်ထုတ်ယူခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခန်းကဏ္ဍ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များ၊ ရေအရည်အသွေး၊ စံချိန်စံညွှန်း စသည့်အကြောင်းအရာများကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
ရေဥပဒေပေါ်ပေါက်လာပါက ရေနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဥပဒေအရ ချပြခြင်းဖြစ်ပြီး ပြည်သူများလိုက်နာမှုရှိရန် ဆုပေး၊ ဒဏ်ပေးစနစ်နှင့် ဥပဒေအရ ပြုပြင်ရမည် ဖြစ်ကြောင်း  ဒေါ်ခင်နီနီသိန်းက ပြောသည်။
ရေဥပဒေကို ၂၀၁၂ ခုနှစ်မှစတင်ကာ အမျိုးသားရေအရင်းအမြစ်ကော်မတီက ဦးဆောင်၍ ရေပညာရှင်များ ပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မူကြမ်းကို အဆင့်ဆင့်သုံးသပ်မှုများပြုလုပ်ကာ ၂၀၁၇ ခုနှစ်မကုန်ခင်တွင် လွှတ်တော်၌ အတည်ပြုပြဌာန်းနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Written by : ပိုင်ထက် (မြစ်မခ)

Leave a Reply