Advertisements

မိုးထက်လျှမ်း

မကြာသေးမီက အသစ်ပြေးဆွဲသော မြို့ပတ်ယာဉ်လိုင်းရှိ Scania အမျိုးအစားYBS ဘတ်စ်ကားများတွင် မသန်စွမ်းသူများအတွက် အထိုက်အလျောက် အဆင်ပြေစေမည့်  အတက်အဆင်း တံခါးပေါက်နှင့် တိုးတက်လာသည်ဟုဆိုနိုင်သည့် ယာဉ်မောင်း၏ဝန်ဆောင်မှုများကို တွေ့ခဲ့ရသည်။ စနစ်သစ်အောက်တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားအသစ်များ၏ ယာဉ်အတက်အဆင်းအပေါက်များ ကျယ်ဝန်းခြင်း၊ လှေကားထစ်များ လျော့သွားခြင်း၊ လက်ကိုင်ကွင်းနှင့် တန်းများ ပြည့်စုံစွာပါရှိခြင်း၊ မှတ်တိုင်များအား အသံနှင့် အရုပ်ပါ ဖော်ပြနိုင်ခြင်းများလည်း တွေ့ရသည်။ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက်တော့ ယာဉ်အတက်အဆင်းတွင် ဆင်ခြေလျှောအတက်အဆင်းအပေါက် ပါလာပြီဖြစ်သည်။

မထသ ခေတ်က ယာဉ်မောင်း၏ အနောက်ဘက်ရှိ ခုံတစ်ခုံကိုသာ သံဃာထိုင်ခုံအဖြစ် သတ်မှတ်ပါရှိပြီး မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ YBS စနစ်ပြောင်းပြီး ဘတ်စ်ကားများမှာတော့ အရောင်ခွဲထားသော ဦးစားပေးခုံများ ၄ ခုံမှ ၆ ခုံအထိပါရှိသည်ကို တွေ့ရသည်။ သို့သော် ထိုဦးစားပေးခုံများမှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်၊ ကလေးမိခင် နှင့် မသန်စွမ်းသူများကဲ့သို့ ဦးစားပေးသင့်သူများအတွက် အမှန်တကယ် အကျိုးရှိနေသလား ဆိုသည်မှာတော့ မေးခွန်းထုတ်စရာဖြစ်နေသေးသည်။

ယခုဘတ်စ်ကားများမှာ ရုပ်သံစနစ်နှင့် ဦးစားပေးခုံများ ပါလာပြီး ယာဉ်မောင်းများသည်လည်း ဝန်ဆောင်မှုပုံစံကို ၈၀ ရာခိုင်နှုန်းခန့် ကောင်းမွန်ပြောင်းလဲလာသည့် အတွက်လည်း ကြိုဆိုသည်။ သို့သော် လူထုကြားတွင် ဦးစားပေးခုံများကို သိရှိနားလည်မှု နည်းနေသေးသည်ကို တွေ့နေရသေးသည်။ အတက်ပေါက်က ရှေ့မှာရှိပြီး နီးရာလူက ထပေးလိုက်သည့်အခါ အရင်လို ထိပ်ဆုံးခုံက ဦးစားပေး ဖြစ်နေသေးသည်။ အမြင်အာရုံ မသန်စွမ်းသူတစ်ယောက်ဖြစ်သည့် ကိုဇော်လင်းထွန်း၏ အတွေ့အကြုံအရ “ကား၏ အလယ်လောက်ရောက်သွားသည့်အခါတွင်လည်း ယင်းအရောင်ခွဲထားသည့် ခုံများကို ထိခိုက်လွယ်သူများအတွက် ဦးစားပေးရမည် ဆိုသည်ကို သိပုံမပေါ်ဘူး” ဟု သိရသည်။

အများပြည်သူအားလုံး အဆင်ပြေစေနိုင်မည့် လူမှုဝန်းကျင်တခုဖြစ်ရန် မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်သူများ နေ့စဉ်သွားလာရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများအားလုံးကို အာဏာပိုင်များနှင့် ဝန်ဆောင်မှုပေးသူများက ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

မသန်စွမ်းသူများ နေ့စဉ်သွားလာရာတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အတားအဆီးများ၊ အမြင်သဘောထားပိုင်းဆိုင်ရာ အတားအဆီးများ မည်မျှရှိနေသလဲဆိုသည်ကို ဂရုတစိုက်ချဉ်းကပ်ကြည့်သင့်သည်။ ထို့ကြောင့် ရုံးတက်ရုံးဆင်းချိန် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များမှ မြို့တွင်းသို့ ပျမ်းမျှ တစ်နာရီခွဲခန့် စီးရသော ပြည့်ကျပ်ညပ်နေသည့် ဘက်စ်ကားများတွင် မသန်စွမ်းသူများပါ စီးနင်းနိုင်ရန် YBS ကားများက ပေးသည့် ဝန်ဆောင်မှုမှာ မည်သည့်အချက်များ ထည့်သွင်းစဉ်းစားပေးခဲ့သလဲ ဆိုသည်မှာ အဓိကကျသည်။

ကိုယ်ဝန်ဆောင်နှင့်၊ သက်ကြီးရွယ်အိုများထက် မသန်စွမ်းသူများကို အများပြည်သူသုံး ကား၊ ရထားများပေါ်တွင် မြင်တွေ့ရ နည်းသည့်အတွက် ရထားကျပ်၊ ကားကျပ်ချိန်တွင် ဦးစားပေးခုံများကို ထ၊ မပေးတတ်ကြတော့ပေ။ ထိုအခါ အစိုးရသတင်းများမှ တစ်ဆင့် ပြန်လည် အသိပညာပေးတာမျိုး တွေ့ရသည်ဟု စင်္ကာပူနိုင်ငံသား မသန်စွမ်းမိတ်ဆွေတစ်ဦးက ပြောဖူးသည်။

ထိုသို့ ပြည်သူလူထုကို အသိပညာပေးခြင်းနဲ့အတူ ယာဉ်မောင်းများပါ ပါသွားမည်ဟုထင်သည်။ ထို့အပြင် ကားကုမ္ပဏီများဘက်ကလည်း ဂိတ်များကို အမြဲညွှန်ကြားပေးခြင်းမျိုးများ ပြုလုပ်လာမည် ဆိုပါက ပြည်သူလူထုက ပိုသတိထားမိလာမည်ဖြစ်သည်။ များသောအားဖြင့် ကြုံရသည်မှာ ယာဉ်မောင်းက ထိုင်ခုံကုသိုလ်ယူပါလို့ အော်ပေးတတ်သည်။ ကူညီချင်စိတ်ရှိသူက အရင်ထပေးတတ်ကြသည်သာဖြစ်သည်။

ယခုက စနစ်ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အကြောင်းမှာ ကားများစတင်ဝယ်ယူစဉ်ကတည်းက မသန်စွမ်းသူများအတွက် လိုအပ်သည့် စနစ်များ ပါလာပြီးသား ဖြစ်သော်လည်း အသုံးချမှုအားနည်းနေသည်ဟု ကိုဇော်လင်းထွန်းက သူ၏ အမြင်ကို ဖြည့်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အတွင်းရေးမှုး ဒေါက်တာမောင်အောင်က ဘတ်စ်ကား အဟောင်းများတွင် ထိုကဲ့သို့ စနစ်မျိုး လုပ်မရသည့်အတွက် ဘတ်စ်ကားအသစ်များနှင့် မြန်မြန်ဆန်ဆန် လဲလှယ်ပြေးဆွဲနေခြင်း ဖြစ်ကြောင်း၊ မြို့ပတ်ဘတ်စ်ကားအချို့မှ လွဲပြီး လက်ရှိဘတ်စ်ကားများတွင် ဦးစားပေးထိုင်ခုံစနစ်ပါသော်လည်း ဘီးတပ်ကုလားထိုင် တက်နိုင်သည့် စနစ် မရှိသေးကြောင်း ဆိုသည်။

“ကျွန်တော်တို့ မှတ်တိုင်လုပ်ထားတဲ့အခါမှာ အဲဒီအမြင့်နဲ့ တစ်ပြေးတည်းဖြစ်မယ့် ကားတွေ ဒါမျိုးလည်း ကျွန်တော်တို့ဘက်က တဖြည်းဖြည်းချင်း လုပ်ပေးမှာပါ။ ချက်ချင်းကြီး ဝုန်းကနဲကတော့ လုပ်လို မရသေးပါဘူး၊ အမှန်အတိုင်း ပြောရရင်” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

မသန်စွမ်းသူများ အဆင်ပြေစေနိုင်ရန် အများသုံးယာဉ် စနစ်များကို ဖန်တီးပေးထားသည် ဆိုရင်တောင်မှ ယင်းစနစ်များကို မသန်စွမ်းသူများ လက်လှမ်းမီအောင် စဉ်းစားပေးသင့်သည်။ YBS ကားများတွင် ခရီးသွားများ အဆင်ပြေစေရန် ရှေ့ပေါက်ကတက်ပြီး နောက်ပေါက်က ဆင်းရသည့် စနစ်ရှိသည်။  ယာဉ်မောင်းများ ယင်းစနစ်ကို မလိုက်နာပါက ဒဏ်ရိုက်ခံကြရသည်။ သို့သော် YBS ဘက်စ်ကားများ၏ ယင်းကဲ့သို့ စနစ်တကျရှိမှုက မသန်စွမ်းသူများအတွက် မည်ကဲ့သို့ အခက်အခဲရှိနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။

မှတ်တိုင်ရှေ့တည့်တည့်တွင် မရပ်ဘဲ အဆင်ပြေသလိုရပ်သည့် ဘတ်စ်ကားများကြောင့် မသန်စွမ်းသူများ အခက်အခဲများစွာ ကြုံနေရသေးသည်ဟု ရွှေပြည်သာတွင် နေထိုင်သည့် မသန်စွမ်းတစ်ဦးဖြစ်သူ ကိုခင်အောင်သန်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။

အသက် ၂ နှစ်နှင့် ၆ လ အရွယ်တွင် ပိုလီယို ခံစားရပြီး ချိုင်းထောက်နှစ်ဖက်နှင့် ညာဘက်ခြေထောက်အတွက် အားပြုကိရိယာအရှည်အပြင် ဘယ်ဘက်လက်တစ်ဖက်လည်း မသန်သည့် ကိုခင်အောင်သန်းက မှတ်တိုင်တွင် မရပ်သည့် ဘတ်စ်ကားများကို အပြေးလိုက်တက်စီးရန် မလွယ်ဟု ဆိုသည်။

“တချို့ယာဉ်မောင်းတွေကျတော့လည်း တမင်ကျော်ရပ်တာမျိုး၊ ‘နောက်ကားစီးလိုက်ပါကွာ’ ဆိုတာမျိုးတွေလည်းကြုံရတယ်။ ကားပေါ်တက်တဲ့အခါမှာလည်း အရင်က ၃ ထစ်လောက်တက်ရတယ်။ အဲတုန်းကဆို တော်တော်ဆိုးတယ်။ ကားပေါ်ရောက်ဖို့ တော်တော်ခက်တယ်။ အခုကားတွေမှာ တစ်ထစ်ပဲဆိုပေမဲ့ ကျွန်တော့်ခြေထောက်က ၃ လက်မလောက်ပဲကြွလို့ရတော့ ကားပေါ်တက်ရင် ခြေထောက်ကို တော်တော် မ, တင်ရတယ်။ ချိုင်းထောက်ကလည်းပါနေတော့ ပိုဆိုးတယ်” ဟု ၎င်းက ပြောသည်။

ဦးစားပေးခုံများဆီ လှမ်းရန်လည်း အဆင်မပြေ၊ ရှေ့ဆုံးဘေးတန်းခုံများကလည်း တစ်တောင်ခန့်အမြင့်ရှိသည့်အတွက် ထိုင်ရန် အခက်အခဲ ကြုံရကြောင်း ကိုခင်အောင်သန်းက ဆိုသည်။

“များသောအားဖြင့် ခရီးသည်တွေက နေရာဖယ်ပေးပြီး ဖေးမကြပါတယ်။ ကျွန်တော် လည်း အဆင်ပြေရာ ဝင်ထိုင်ရတာပေါ့။ တစ်ခါတလေ မရတဲ့အခါလည်း မြို့ထဲအထိ မတ်တပ်ပေါ့” ဟု ၎င်းက ပြောသည်။

အသစ်ပြေးဆွဲသော Scania အမျိုးအစား YBS မြို့ပတ် ဘတ်စ်ကားတစ်လိုင်းတွင်တော့ ဘေးပေါက်မှ မသန်စွမ်းများ တက်ဆင်းနိုင်သည်ကို တွေ့ရသည်။

“ရှေ့ကတက်ပြီး (ခြေ) လှမ်းတဲ့အချိန်မှာ ကားက မောင်းထွက်ရင် လဲမှာပေါ့။ အရှိန်ကို ထိန်းဖို့မလွယ်ဘူးလေ။ သွားလာရခက်ခဲတဲ့ မသန်စွမ်းတွေကို ဘေးပေါက်ကတက်ခွင့်ပေးသင့်တယ်။ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်(ပြီး)မှ ကားထွက်ဖို့ ယာဉ်မောင်းတွေ နားလည်မှုရှိစေချင်တယ်” ဟု ကိုခင်အောင်သန်းက ပြောသည်။

ထို့အပြင် ယာဉ်မောင်းများက ထိုင်ခုံဖယ်ပေးပြီး ကုသိုလ်ယူရန် နှိုးဆော်ပေးသည်ထက် ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ရုပ်သံမှ ဦးစားပေးခုံများအကြောင်းကို အဆင်သင့်သလို ကြေညာပေးသည့် စနစ်ရှိလာပါက မကြာတော့သည့် နှစ်များတွင် မသန်စွမ်းများ ခရီးသွားလာရေးနှင့် အများပြည်သူ ခရီးသွားဝန်ဆောင်မှုများကို အသုံးပြုရာတွင် ပိုမိုအဆင်ပြေလာလိမ့်မည်ဟု မျှော်လင့်ရသည်။

မသန်စွမ်းမှုဟူသည် မွေးကတည်းက ပါလာခြင်းမဟုတ်ပါ။ ချို့ယွင်းချက်က လူတိုင်းမှာ မွေးရာပါ ပါနိုင်သလို မွေးဖွားပြီးနောက်ပိုင်း အကြောင်းတစ်ခုခုကြောင့်လည်း ရှိလာနိုင်ပါတယ်။ လူမှုအသိုင်းအဝိုင်းရောက်မှသာ ချို့ယွင်းမှုကို အတားအဆီးများ ထပ်လောင်းပေါင်းထည့်လိုက်သည့် အတွက် ချို့ယွင်းမှု + အတားအဆီး = မသန်စွမ်းမှု ဟူ၍ ဖြစ်လာရသလို ချို့ယွင်းချက်ရှိသူများ ကလည်း အတားအဆီး = မသန်စွမ်းမှု ဟု လက်ခံလိုက်ကြရသည်။ ချို့ယွင်းချက်ရှိသော်လည်း အတားအဆီးမရှိပါက မသန်စွမ်းမှုလည်း ပျက်ပြယ်သွားမည်ဖြစ်သည်။

မိုးထက်လျှမ်းသည် မသန်စွမ်းတယောက်ဖြစ်သည်။ ၂၀၀၀ ခုနှစ်၊ အသက် ၁၈ နှစ်အရွယ်တွင် ရထား မတော်တဆမှုတစ်ခုဖြစ်ကာ ညာခြေ (ဒူးအောက်) နှင့် ဘယ်လက် (လက်မောင်း) တို့ပြတ်ခဲ့သည်။
၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာတွင် ရွှေဝါရောင်နှစ်ပတ်လည်အရေး လုပ်ဆောင်မှုများကြောင့် ထောင် ၅ နှစ်ကျခဲ့ပြီး ၂ဝ၁၁ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယခုအခါ နိုင်ငံရေး အကျဉ်းသားဟောင်း များအတွက် USAID နှင့် Fhi 360 မှ ခေါ်ယူသော စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ ဂုဏ်ထူးဆောင်အဖွဲ့ဝင် အစီအစဉ် Advocacy Fellowship 2019 အစီအစဉ်တွင် လွတ်လပ်သော သတင်းမီဒီယာ ခေါင်းစဉ်ဖြင့် Myanmar Now တွင် Intern Journalist  အနေဖြင့် လုပ်ကိုင်လျက်ရှိသည်။  

Advertisements
<

Leave a Reply