ဖက်ဒရယ်စနစ်ဆိုတာဘာလဲ
ဖက်ဒရယ်စနစ်သည် ယနေ့အချိန်အခါတွင် နိုင်ငံတကာလူ့အသိုင်းအဝန်းတွင် အရေးကြီးပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးတည့် နေသော နိုင်ငံရေးဖြစ်လို့နေပါပြီ။ ကမ္ဘာ့တိုင်းပြည်များ၏ ၇၀% ခန့်မှာ ဖက်ဒရယ်စနစ်၏လက္ခဏာတချို့လက်ခံကျင့်သုံးနေပြီး ကမ္ဘာ့တိုင်းပြည် ၂၀ ကျော်ခန့်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် တိုင်းပြည်များဖြစ်ကြသည်။ အဆိုပါဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၄၀%ခန့်ရှိသည်။
ယခုအခါကမ္ဘာ့နိုင်ငံအတော်များများတွင်တနိုင်ငံချင်းစီ၏ မတူကွဲပြားသောသမိုင်းရေးအချက်အလက်များနှင့်  ဖြတ်သန်းမှုများ အလျောက် သင့်တော်ရာပုံစံများဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသည့် ရုရှား၊ အမေရိကန် ဘရာဇီး၊ ကနေဒါ၊ သြတြေးလျ၊ အိန္ဒိယ တို့အပြင် အသေးငယ်ဆုံးသော နိုင်ငံများဖြစ်ကြသည့် ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန် နှင့် ကာရစ်ဗီယန် ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့် နိုင်ငံများအပါအဝင် ၂၇ နိုင်ငံ ( ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ) ရှိပြီဟုဆိုပါသည်။ ကျင့်သုံးသည့် ပုံစံများမှာလည်း တနိုင်ငံနှင့် တနိုင်ငံ အပ်ချ မတ်ချ တူညီကြသည်  မဟုတ်ချေ။
သို့ဖြစ်လေရာ “ဖက်ဒရယ်စနစ်ဆိုတာဘာလဲ” ဆိုသည်ကိုနားလယ်သဘောပေါက်ရန်အရေးကြီးသည်။ ကနေဒါနိုင်ငံ၏ ပထမ ဆုံးဝန်ကြီးချုပ် ဆာဂျွန် အေ. မက္ကဒေါ်နယ်က ဖက်ဒရယ်စနစ်ကိုဤသို့အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ “ဒေသဆိုင်ရာ ကိစ္စရပ်များကိုဖြေ ရှင်းရန် ‘ဒေသဆိုင်ရာအစိုးရများနှင့် ဥပဒေပြုအဖွဲ့အစည်းများပါဝင်ပြီး’ ၊ တနိုင်ငံလုံးဆိုင်ရာကိစ္စများကိုဖြေရှင်းရန် အမျိုးသားအစိုး ရ တရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း” ၊ ပါဝင်ပေါင်းစပ်ထားသည့်စနစ်ဖြစ်ပေသည်။
နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူသောဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံုးနေကြသော်လည်း၊ အဓိကကျသည့် အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးမှုဖြစ်သည်။

အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံသည့်အရာ

    အာဏာခွဲဝေမှုဆိုသည်မှာ အုပ်ချုပ်ရေးအာဏာကို ခွဲဝေကျင့်သုံး ခြင်းဖြစ်သည်။ နိုင်ငံတခုလုံးကို အုပ်ချုပ်သည့်ဗဟိုအစိုးရ အာဏာနှင့် တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များတွင်အုပ်ချုပ်သည့် အာဏာတို့အကြား မည်သို့ခွဲဝေထားသနည်း ဆိုခြင်းပင် ဖြစ်သည်။
တချို့သောနိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှခွဲခြားထားသည်လည်းရှိသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်မှာကား အဆိုပါ ခွဲဝေထားသောအာဏာများကို မိမိတို့ဒေသအတွက်အကောင်းဆုံးဟုယုံကြည် ယူဆသည့်အတိုင်း လွတ်လပ်စွာဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင်ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းတို့အနေဖြင့်  နိုင်ငံတခု လုံး၏အစိတ်အပိုင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး၊ တနိုင်ငံလုံးနှင့်ဆိုင်သည့်ဥပဒေများကိုရိုသေလိုက်နာရန်လိုအပ်သည်။
သဘောထားချင်းမတိုက်ဆိုင်ငြင်းခုန်မှုများမှာ ဤကိုယ်ပိုင်အုပ်ချုပ်သည့်ကိစ္စမှထွက်ပေါ်လာလေ့ရှိသည်။ မည်သည့်အရာများက ဒေသဆိုင်ရာတို့၏ တာဝန်ဝတ္တရားများဖြစ်၍- မည်သည့်အရာများက ဗဟိုအစိုးရ၏ချုပ်ကိုင်မှုအောက်တွင်ရှိသင့်သည် ဆိုသော ကိစ္စမျာနှင့်ပတ်သက်၍ အငြင်းပွါးရတတ်သည်။
သို့ဖြစ်၍ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုတို့နှင့် ပတ်သက်လျင် တိကျသေချာမှုရှိစေရန် ရေးသားထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အာမခံကြရသည်။
နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကျင့်သုံးလာရခြင်းနှင့်ပတ်သက်ပြီး အောက်ပါအခြေခံ (၅) ချက်ကြောင့်ဖြစ်လေ့ရှိကြောင်း နိုင်ငံ ရေးသုတေသီများကဆိုသည်။
(၁) အုပ်ချုပ်မှုလွယ်ကူစေရန် (၂) ပြည်ပ ခြိမ်းခြောက်မှုရန်ကိုကာကွယ်ရန် (၃)  ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းရန် (၄) စီးပွါးရေး ဖွံ့ဖြိုးတိုးတက်စေရန် (၅) တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြုထိန်းသိမ်းရန် (၆) လူများစုနည်းတူ လူနဲစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားစေနိုင်ရန် စသည့်အကြောင်းများ ကြောင့် ဖြစ်လေ့ရှိကြသည်။
ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရတရပ်နှင့် အောက်အဆင့် ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်ထောင်စု နယ်မြေ အစိုးရများပါဝင်ပြီး အာဏာကို ခွဲဝေကျင့်သုံးသည်။ သို့ဖြစ်ရာ နိုင်ငံသားတို့ လိုက်နာရန် ဥပဒေများကိုဗဟိုအဆင့်က သော်၎င်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ကသော်၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း ပြဌာန်း အုပ်ချုပ်လေ့ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုတခု မည်သို့ဖြစ်တည်လာသလဲ ရှုထောင့်မှ အမြင်
နိုင်ငံတနိုင်ငံတွင် ဖက်ဒရယ်စနစ်စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများ မည်သို့ခွဲဝေထားပုံကို ကြည့်၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ကြောင်းပညာရှင်များကဆိုသည်။ ၎င်းတို့မှာ (၁) Coming together federalism ‘ အတူတကွယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်စနစ်’  နှင့် (၂) Holding together federalism ‘ အတူပေါင်းစည်းရေးဖက်ဒရယ်စနစ်’ ဟူ၍ဖြစ်သည်။
(၁)အတူယှဉ်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူ ကိုယ်တူဖြင့် တနိုင်ငံတည်းအဖြစ်ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရတရပ်ကိုဖန်တီးခါ အာဏာမည်မျှ အပ်နှင်းမည်နည်း ဆိုသည့်သမိုင်းဆိုင်ရာ အခြေခံမှ ပေါ်ပေါက်လာသည့် ပုံစံဖြစ်ပါသည်။ အထင်ရှားဆုံး သာဓ ကမှာ အမေရိကန် ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်၊ သြစတြေးလျ တို့လည်းပါဝင်သည်။
မြောက်အမေရိကတိုက်ရှိ ဗြိတိန်နိုင်ငံ၏ ကိုလိုနီ ၁၃ ခုနှင့် ဗြိတိန်အစိုးရတို့အကြား ၁၇၆၅ ခုနှစ်မှစ၍ တံဆိပ်ခေါင်းဥပဒေ ( Stamp Act ) နှင့် ပတ်သက်ကာ အချင်းများကြရာမှ ၁၇၇၅ ခုနှစ်တွင် စစ်ပွဲဖြစ်ပွါးပြီး ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးကြေငြာခဲ့ သည်။ ဂရိတ်ဗြိတိန် လက်အောက်တွင် ကိုလိုနီအဖြစ်နေထိုင်လာခဲ့ကြသောအတွေ့အကြုံအရ အဆိုပါ ၁၃ နယ်သည် အား ကောင်းသော ဗဟိုအစိုးရ ကိုမလိုလားကြချေ။ သို့ဖြစ်၍ လွတ်လပ်ရေးကြေငြာပြီးနောက် ၁၇၈၁ ခုနှစ်တွင် လျော့ရဲရဲရှိသော ပြည်ထောင်စု တခုကို ( Articles of Confederation ) ဟုခေါ်ဆိုသော အခြေခံဥပဒေဖြင့် ဖွဲ့စည်းကြသည်။ ဤအခြေခံဥပဒေဖြင့် ပြည်နယ်များအကြား  ဗဟိုအစိုးရထက်ပိုမိုသောအာဏာများကို အညီအမျှခွဲဝေယူခဲ့ကြသည်။  အကန့် အသတ်ရှိ သောအာဏာ ကိုသာ ပေးအပ်ထားသဖြင့် အားနဲချိနဲ့သော ဗဟိုအစိုးရတရပ်နှင့် လျော့တိလျော့ရဲနိုင်လှသော ကွန်ဖက်ဒရေးရှင်း တခုကိုသာ ပေါ်ထွန်းစေသည်။ ပြည်နယ်များချင်းချင်းအကြား ရှုပ်ထွေး၍ ခက်ခဲသော ပြဿနာများ ဖြေရှင်းရန်နှင့် ပြည်ပအန္တရာယ်ကို တွန်းလှန်ရန် အားကောင်းသောဗဟိုအစိုးရတရပ်လိုအပ်ကြောင်း သဘောပေါက်လာသည့် ၁၇၈၉ ခုနှစ် ကျမှသာ ပိုမိုအား ကောင်းသော ဗဟိုအစိုးရကို ဖွဲ့စည်းနိုင်မည့် အခြေခံဥပဒေ( Constitution of 1789) တရပ်ကို အတည်ပြုနိုင်ခဲ့ကြသည်။
ယခုအခါ အမေရိကန်ပြည်ထောင်စုမှာ ဗဟိုအစိုးရမှလုပ်ပိုင်ခွင့်အာဏာ ပိုမိုအားကောင်းသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ် နေပါပြီ။
(၂) အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ (Holding together) ဆိုသည်မှာ မူလဗဟိုကတစုတစည်းထဲချုပ်ကိုင်ထားသော တပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့်အောက်အဆင့်များခွဲဝေကျင့်သုံးသည့်ပုံစံဖြစ်ပါသည်။
ဤသို့သောနိုင်ငံမျိုးမှာ နယ်ချဲ့လက်အောက်မှလွတ်လပ်ရေးရသည့်အချိန်တွင်ဖြစ်စေ၊ ပြည်တွင်းစစ်ကြောင့်ပြိုကွဲသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်စေ၊ မူလက တပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ရာမှ ဤဖက်ဒရယ်စနစ်ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။  အထင်ရှားဆုံးသာဓကမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး၊ စပိန်နှင့် ဘယ်လ်ဂျီယမ်တို့ တွင်လည်းကျင့်သုံးသည်။ ဤစနစ်တွင် မူလကတည်း က ဗဟိုအစိုးရက ပိုမိုကြီးမားသော အာဏာကို ရယူထားလေ့ရှိပြီး နိုင်ငံရေး၊ စီးပွါးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုင်ရာလိုအပ်ချက်များအရ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းလျှော့ချပေးသည့်စနစ်ကို ကျင့်သုံးသည်။ ခွဲဝေပေးထားခြင်း ခံရ သော ယူနစ်များရရှိသည့် အာဏာမှာလည်း တခုနှင့်တခု အချိုးညီဖြစ်ချင်မှဖြစ်လေ့ရှိသည်။

 

ဖက်ဒရယ် ပြည်ထောင်စုတွင်ပေါင်းစပ်ပါဝင်သော ယူနစ်အမျိုးအစားရှုထောင့်မှ အမြင်
ဆိုခဲ့ပါအတိုင်း ဖက်ဒရယ်စနစ်(၂)မျိုးရှိသည်ဟု ပြောခြင်းမှာ မည်သို့ဖွဲ့တည်လာသနည်း ဆိုသည့် ရှုထောင့်မှကြည့်၍ပြောခြင်း သာဖြစ်ပြီး မည်သို့ပေါင်းစပ်ဖွဲ့စည်းထားသနည်း ဆိုသည့်ရူထောင့်မှကြည့်လျှင် တမျိူးတွေ့ရမည်ဖြစ်ပါသည်။
(က) နယ်မြေဒေသကို အခြေခံ၍ဖွဲ့စည်းသော Territorial federalism ( အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီးလ် စသဖြင့်)
ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကိုအခြေမခံဘဲ နေထိုင်ကြသည့် နယ်မြေ ဒေသများကိုသာ အခြေခံသည်။ ထင်ရှားသည့် ဥပမာမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ လူဝီဇီးယား နားပြည်နယ်၊ တက္ကဆက်ပြည်နယ် ၊ ဟာဝိုင်အီပြည်နယ် စသဖြင့် အရွယ်အစားအကြီးအသေး မျိုးစုံရှိသော ပြည်နယ် (၅၀) ပါဝင်ပြီး၊ ပြည်နယ်တခုချင်းစီ၏အမည်သည် မည်သည့် လူမျိုးတမျိုးကိုမျှ ကိုယ်စားပြုမှည့်ခေါ်ထားခြင်းမဟုတ်ပေ။
အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ( territorial federalism ) နယ်မြေဒေသကိုအခြေခံဖွဲ့စည်းသော အစောဆုံး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတနိုင်ငံဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ဆုံုးသောကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံလည်းဖြစ်ပါ သည်။ သက်တမ်း ၂၂၀ ကျော်ကာလအတွင်း ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးကိစ္စနှင့်ပတ်သက်ပြီး တောင်ပိုင်းနှင့် မြောက်ပိုင်း သဘောထားကွဲကာ ပြည်တွင်းစစ်ဖြစ်ခဲ့သည်မှလွဲ၍ လူမျိုးရေးအရပြိုကွဲမည့်အန္တရယ်နှင့် မကြုံခဲ့ရဘူးချေ။
(ခ) လူမျိုးအခြေခံ ပြည်နယ်များဖြင့်ဖွဲ့စည်းသောဖက်ဒရယ်ပြည်ထောင်စု Ethnofederalism (ယခုအခါ..ပြိုကွဲသွားပြီဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကိုဆလိုဗက်ကီးယားနှင့်  ဘယ်လ်ဂျီယမ် စသဖြင့်)
ဤဖက်ဒရယ်စနစ်ကို ဆိုဗီယက် ပြည်ထောင်စုတွင် ၁၉၂၂ ခုနှစ်နှင့် ချက်နှင့်ယူဂိုဆလပ်တို့တွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း စတင်ကျင့်သုံးခဲ့သည်။ ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်။
ဥပမာ ဆိုရှယ်လစ် ဖက်ဒရယ်ရီပတ်ဘလစ် ယူဂိုဆလပ်ဗီးယားတွင် ပါဝင်ခဲ့သောပြည်နယ်များမှာ .. ဘော့စနီးယား- ဟာဇီဂိုဗီး နား ၊ ကရိုးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီ နီးဂရိုး၊ ဆာဗီးယား၊ ဆလိုဗင်းနီးယား စသဖြင့် လူမျိုးကို အခြေခံ၍ ဖွဲ့စည်းထား သည်။
ယူဂိုဆလပ်ဗီးယားတွင် ခေါင်းဆောင် ဂျိူးဇက် တီတိုးကွယ်လွန်သော ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ထောင်စုအဖွဲ့ဝင် ရီပတ်ဘလစ်များမှ ခေါင်းဆောင်များက တနှစ်တကြိမ် အလှည့်ကျ သမ္မတတာဝန်ယူသော စနစ်ဖြင့်အုပ်ချုပ်ခဲ့သော်လည်း ပြိုကွဲ ခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ၁၉၉၁ မှစ၍ ပြည်တွင်းစစ် ဖြစ်ပွါးပြီး စတင်ပြိုကွဲခဲ့ရာ ၁၉၉၂ ခုနှစ်၊  ၁၉၉၅ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တို့ အတွင်း စစ်ပွဲလေးကြိမ်ဖြစ်ပွါးပြီး နိုင်ငံ (၆) ခုအဖြစ်ပြိုကွဲသွားလေသည်။
ထို့နည်းတူ သမ္မတနိုင်ငံ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ဆိုဗီယက်ယူနီယံသည် ၁၉၉၁ ခုနှစ်တွင်၎င်း၊ ချက်နှင့် ဆလိုဗက် ယူနစ်နှစ်ခုဖြင့်ဖွဲ့စည်းထားသော ချက်ကိုဆလိုဗက်ကီးယားသည် ၁၉၉၃ ခုနှစ်တွင်၎င်း ပြိုကွဲသွားခဲ့သည်။ အဆိုပါ နိုင်ငံ (၃) ခုလုံးမှာ တပါတီစနစ်ကျင့်သုံးသော ဆိုရှယ်လစ်နိုင်ငံများဖြစ်ကြခဲ့ကြပြီး ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးသည့် ကာလတွင် ပြိုကွဲသွားကြခြင်း ဖြစ်လေရာ ကျနော်တို့ မြန်မာနိုင်ငံ အနေဖြင့် သတိကြီးစွာထားသင့်လှပေသည်။
ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော ဘယ်လ်ဂျီယမ် နိုင်ငံမှာ ဥရောပတိုက်ရှိ အသေးငယ်ဆုံးနိုင်ငံငယ်တခုဖြစ်ပြီး ဒတ်ချ်စကား ပြောသော ( Flemings) ဖလန်းမင်းများနှင့် ပြင်သစ်စကားပြောသော ဝလွန်း ( walloons ) ဘယ်လ်ဂျီယမ်များနေထိုင်ကြသည်။ ဘယ်လ်ဂျီယမ် ကို Flanders ဖလန်းဒါး၊  wallonia ဝလွန်းနီးယား နှင့်  (ပြင်သစ်ဘာသာစကား ပြောသူ များရော ဒတ်ချ်ဘာသာ စကားပြောသူများပါနေထိုင်သည့်) Brussels ဘရပ်ဆဲ ဒေသသုံးခုအဖြစ်ပိုင်းခြားထားပြီး ဒေသသုံးခုလုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိ သည်။ သို့သော်လည်း ဖလန်းမင်းများနှင့် ဝလွန်း တို့အကြား ပွတ်တိုက်မှုများမှာ ယနေ့ထက်တိုင်အောင်ရှိနေကာ မတည့်အတူ နေဘဝက ရုန်းမထွက်နိုင်ကြသေးချေ။
(ဂ) မိျိုးစပ် ဖွဲ့စည်းထားသော Hybrid federalism (သို့မဟုတ်) Territorial-ethnic federalism ( ကနေဒါ၊ အိန္ဒိယ၊ စပိန်၊ ဆွစ်ဇာလန် )
ဤပြည်ထောင်စုအမျိုးအစားတွင် ပါဝင်ဖွဲ့စည်းထားသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်ရှိသလို ၊ နယ်မြေဒေသကိုသာ အခြေခံသည့် ပြည်နယ်များလည်းရှိသည်။ ဥပမာ အိန္ဒိယနိုင်ငံတွင် တမီးနာဒူး၊ ပန်ဂျပ်၊ မဏိပူ၊ မီဇိုရမ်၊ နာဂလန်း စသည့် လူမိျိုး ကိုအစွဲပြုသည့် ပြည်နယ်များနှင့် အူတာပရာဒက်ရှ် ၊ အရူနာချယ်ပရာဒက်ရှ်၊ မီဂါလာယာ စသဖြင့် ဒေသအမည်ကိုသာ အစွဲပြု ခေါ်ဝေါ်သည့် ပြည်နယ်ပေါင်း (၂၈) ခုနှင့် ပြည်ထောင်စုနယ်မြေ (၇) ခု အတူပေါင်းစပ်ဖွဲ့စည်းထားသည်။ ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုစာရင်း၊ ပြည်နယ်စာရင်းနှင့် ပူးတွဲဥပဒေပြုစာရင်း တို့အဖြစ် သုံးမျိုးခွဲခြားထားသည်။ အဆိုပါ စာရင်းများတွင်မပါဝင် သော  ကြွင်းကျန်အာဏာ ( Residual powers ) များကိုမူ အမေရိကန်၊ သြစတြေးလျ တို့နှင့်မတူဘဲ ကနေဒါနိုင်ငံမှာကဲ့သို့ ပြည်ထောင်စုသို့သာ အပ်နှင်းထားသည် ကိုတွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော ဥပဒေပြုခွင့်အာဏာများ မှာလည်း အချိုးညီမဟုတ်ပေ။ ဂျမူးနှင့်ကက်ရှမီးယား ပြည်နယ်သည် ပိုမိုမြင့်မားသော အာဏာ ရရှိသကဲ့သို့ ဒေလီနှင့် ပူဒူချာရီ ပြည်ထောင်စုနယ်မြေများသည် ပြည်နယ်ထက်ပိုမိုနဲသော ဖက်ဒရယ်အခွင့်အာဏာကိုသာ ရရှိသည်။
အဆိုပါနိုင်ငံများရှိ ဖက်ဒရယ်စနစ်မှာလည်း ယနေ့ထိတော့ အလုပ်ဖြစ်လျက်ရှိသည်။


လူမျိုးအခြေပြု Ethnofederalism လော၊ နယ်မြေနှင့် လူမျိုး နှစ်မျိုးပေါင်းစပ် Hybrid federalism လော
၂၁ရာစုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသော စာတမ်းတချို့တွင် အဓိကအားဖြင့် ပြည်နယ်များကို လူမျိုးအလိုက်ဖွဲ့စည်းရန် အဆိုပြုထားသည့် အတွက် ၎င်းအမျိုးအစားကို   Ethnofederalism လူမျိုးအခြေပြု ဖက်ဒရယ်ဝါဒ ဟုသတ်မှတ်ရမည်ဖြစ်သည်။ ANP ရခိုင်အမျိုးသားပါတီ၏စာတမ်းမှာ ပြိုကွဲသွားပြီဖြစ်သော ယူဂိုဆလပ်ဗီးယား၏ ပုံစံကိုယူထားခြင်းဖြစ်ပြီး SNLD ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ (၈) ပြည်နယ်မူ စာတမ်းမှာလည်း Ethnofederalism ပင်ဖြစ်သည်။
Ethnofederalism ခေါ် လူမျိုးအခြေပြုဖက်ဒရယ်ပုံစံမှာ အမေရိကန်ပြည်ထောင်စု၏  နယ်မြေဒေသအခြေပြု ဖက်ဒ ရယ်စနစ် (Territorial federalism)၏ အခြားရွေးချယ်စရာတခုအဖြစ် ဆိုဗီယက်ပြည်ထောင်စုက စတင်ကျင့်သုံးခဲ့ခြင်းဖြစ် သည်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် ၎င်း၏ မဟာမိတ်နိုင်ငံများဖြစ်ကြသော ယူဂိုဆလားဗီးယားနှင့် ချက်ကိုဆလိုဗက်ကီး ယား နိုင်ငံများတွင်လည်း ကျင့်သုံးခဲ့သည်။ ကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ တိုင်းပြည်တွင် သဘော တရားရေး (တန်းတူရေး၊ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရှိရေး စသည်တို့) အခြေခံအရအကျိုးအကြောင်းရှိပြီး သင့်တော်သော လက်တွေ့ဆောင်ရွက်မှုအဖြစ် ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။
သို့သော် လူမျိုုးအခြေပြုဖက်ဒရယ်ပုံစံကို ဝေဖန်ထောက်ပြသူများက အဆိုပါပုံစံမှာမွေးရာပါ အားနဲချက်ရှိနေပြီး အမျိုးသား သွေးကွဲရေးနှင့် ခွဲထွက်ရေးတို့ကို အစဉ်အားပေးနေသည့်ပုံစံဟု ဆိုပါသည်။ ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥပရောပမှ လူမျိုးအခြေပြုဖက်ဒရယ်နိုင်ငံများ ပြိုကွဲသွားခြင်းကိုလေ့လာသော ပညာရှင် Cornell ကော်နဲက လူမျိုးအခြေပြုဖက်ဒရယ် အင်စ တီကျူးရှင်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးများက ဗဟိုအစိုးရဆန့်ကျင်ရေးစိတ်ဓါတ်များကို ပေါ်ပေါက်စေပြီး ခွဲထွက်ရေးကို အားပေး သည်ဟု ဆိုသည်။ အဆိုပါ ဖက်ဒရယ်အင်စတီကျူးရှင်းများကိုယ်တိုင်က ပြိုကွဲမှုကိုအားပေးသည့် မီဒီယာများ၊ အမျိုးသားရေး အမှတ်သရုပ်များ၊ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ ပြည်ပထောက်ခံမှုများကို မွေးထုတ်ပေးခဲ့သည်ဟုဆိုသည်။
ထိုသို့ပြိုကွဲစဉ်က သက်ဆိုင်ရာ လူမျိုးခေါင်းဆောင်များကအတူတကွရေရှည်ထာဝရ ပူးပေါင်းရန် ဆန္ဒအမှန်မရှိကြခြင်းကလည်း အချက်အခြာကျသည်ဟုဆိုပါသည်။
နောက်ထပ်အရေးကြီးသည့်လေ့လာတွေ့ရှိချက်တရပ်မှာ အမျိုးသားပြည်နယ်တခုအတွင်းနေထိုင်သော လူနဲစုများကလူ့အခွင့် အရေးများငြင်းပယ်ခြင်းခံရသည့်အခါ သက်ဆိုင်ရာဒေသ၏ လူများစုလူမျိုးများနှင့်ပြဿနာတက်လေ့ရှိခြင်းဖြစ်သည်။ ဗဟိုက အဆိုပါလူနဲစုကို ကာကွယ်ပေးရခြင်းမျိုးတွင် အခက်အခဲများတွေ့ရတတ်သည်။ ( မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်တွင်း နေထိုင် ကြသော ရှမ်းနီတိုင်းရင်းသားများနှင့် KIA အကြားပဋိပက္ခပုံစံမျိုး)
၂၁ရာစု ပင်လုံညီလာခံတွင်   (ANP) ရခိုင်အမျိုးသားပါတီ ကတင်ပြသောပုံစံပါ အာဏာခွဲဝေပုံ၊ လက်နက်ကိုင်တပ်များဖွဲ့ စည်းထားရှိနိုင်ပုံ၊ သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲပုံများအရ၊ ပြည်နယ်များက ပြည်ထောင်စုထက် ပိုမိုအာဏာရှိနေသဖြင့် federal ပုံစံကိုကျော်လွန်၍ Confederal ပုံစံဖြစ်နေပါသည်။
SNLD ကတင်သွင်းသော (၈) ပြည်နယ်မူတွင်လည်း အဓိကလူမျိုးအလိုက်ပြည်နယ်များဖွဲ့စည်းမည်ဖြစ်ပြီး ပြည်ထောင်စုသို့ ကန့်သတ်အာဏာကိုသာပေးထားကာ ကြွင်းကျန်အာဏာကို ပြည်နယ်များက ယူထားမည်ဖြစ်သဖြင့် ( Coming together federal ) ပုံစံတွင် Ethnofederal အနှစ်သာရ ဖြည့်စွက်ထားခြင်းဖြစ်သည်ဟုယူဆပါသည်။
သို့ဖြစ်လေရာ မြန်မာနိုင်ငံအနေဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ ပိုမိုသဲသန်ပြင်းထန်စေကာ ၊ ပြိုကွဲမှုကိုပိုမိုတိမ်းညွတ်သည့် Ethnofederalism  အစား Territorial federalism ဖြစ်စေ Hybrid federalism ဖြစ်စေရွေးချယ်ခြင်းက ပိုမိုသင့်တော်သည်ဟု ထင်မြင်မိပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေမှာ ပြည်ထောင်စုတွင်ပါဝင်ကြမည့် ပြည်နယ်များ (ယူနစ်များ) က ၁၇၈၁ ခုနှစ် အမေရိကား၏ ၁၃ ပြည်နယ်လို ဗဟိုအစိုးရကို မည်၍မည်မျှသာ အာဏာပေးမည်ဟု ကန့်သတ်ဆုံးဖြတ်ပေးနိုင်သော အခြေ အနေ ( အင်အား) မရှိပါချေ။  မျက်မှောက် ရင်ဆိုင် နေရသော အခြေအနေက Coming together ပုံစံထက် Holding together ပုံစံ ကိုသာလက်ခံရမည့်အနေအထားဖြစ်လေသည်။ ဗဟိုမှချုပ်ကိုင်မှု လွန်ကဲနေသော အာဏာအချို့ကိုသာ၊ စီးပွါးရေးဖွံ့ဖြိုးတိုး တက်မှုနှင့် လူနဲစုတိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့အတွက် တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့်၊ ဗဟိုချုပ် ကိုင်မှု လျှော့ချရေး ကြိုးစားသွားခြင်းသာလျှင် လက်တွေ့ကျလိမ့်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ရဲထွန်း(သီပေါ)

 

စာကိုး  း စင်္ကာပူနိုင်ငံ နန်ယန်တက္ကသိုလ် ပညာရှင်များ၏ Ethnofederalism and its Critics: Offering a Hybrid Federal
Approach  : Wikipedia  : Federalism : A study of evolution and consequences

Leave a Reply