News Federal Times

ရန်ကုန်၊ မေလ (၁၅) ရက် ။       ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နောက်ဖေးလမ်းကြားများတွင် အမှိုက်စွန့်ပစ်သူများကို အရေးယူနိုင်ရန် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။
အဆိုပါ နေရာများတွင် အမှိုက်စွန့်ပစ်သူများကို မြေပြင်နှင့် ကိုက်ညီမည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး စည်ပင်သာယာ ရေးကော်မတီရှိ တာဝန်ရှိသူများနှင့် ဥပဒေပညာရှင်များဆွေးနွေးနေကြောင်း သိရသည်။
“သင့်လျော်သော ဒဏ်ကြေးများသတ်မှတ်နိုင်ဖို့နဲ့ ကော်မတီမှ အမိန့်များထုတ်ပြန်နိုင်ဖို့ ကော်မတီရှိ တာဝန်ရှိသူ တွေနဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေပြီးတော့ ခေတ်ကာလနဲ့ မကိုက်ညီတဲ့ စည်ပင်ဥပဒေတွေကို အသစ်ပြန် လည်ပြုစု ရေးသားနိုင်ဖို့ ပြင်ဆင်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးမွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။


မေလ (၁၅) ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး ၁၃ ရက်မြောက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး မေးမြန်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ဖြေဆိုခြင်းဖြစ်သည်။
“ခုချိန်မှာ တစ်ချို့အိမ်နောက်ဖေးတွေမှာ အမှိုက်တွေနဲ့ ပြန်ရှုတ်နေပါတယ်။ နောက်ဖေးလမ်းကြားတွေကို အမှိုက်စွန့်ပစ်ခြင်းမပြုဖို့ ကျယ်ပြန့်စွာ စည်းရုံးပညာပေးဖို့နဲ့ စနစ်တကျ ထိန်းသိမ်းဖို့ နည်းဥပဒေတစ်ရပ်နဲ့ ဆောင်ရွက်သွားဖို့ အစီစဉ် ရှိမရှိ သိရှိလိုပါတယ်။” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကလွှတ်တော်အတွင်းမေးသည်။
စည်ပင်သာယာရေးကော်မတီအနေဖြင့်  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အမှိုက်မစွန့်ပစ်ရန် ပညာ ပေးခြင်းများနှင့် အမှိုက်ရှင်းလင်းခြင်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

MMK

Leave a Reply