News Federal Times

ရန်ကုန်၊ မေ ၁၅ ။       ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းလုပ်ငန်းများ တာဝန်ယူလုပ်ကိုင်ရာ တွင် အရည်အသွေးညံ့ဖျင်းအောင် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများစာရင်းကို မေ(၁၈)ရက်တွင် တိုင်းဒေသကြီး လွှတ်တော် ရုံးသို့ တင်ပြရန် လွှတ်တော်ကိုယ်စားလှယ်များထံ မေ ၁၄ ရက်က တိုင်းလွှတ်တော် ဥက္ကဌက အကြောင်းကြားထားကြောင်း သိရှိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးရှိ ကုမ္ပဏီများအနက်မှ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေး ညံ့ဖျင်းသည့် ကုမ္ပဏီများစာရင်းကို လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ မဲဆန္ဒနယ် မြေအလိုက် စနစ်တကျ စိစစ်အကဲဖြတ် စာရင်းကို ပြုစုကာ ပေးပို့ရန် တိုင်းလွှတ်တော်ဥက္ကဌက ညွှန်ကြား လိုက်ခြင်း ဖြစ်သည်။
“လုပ်ငန်းတွေကို အရည်အသွေးညံ့အောင် တည်ဆောက်ထားတဲ့ ကုမ္ပဏီတွေစာရင်း ကောက်ယူဖို့ ညွန်ကြားထားတာပါ။ လွှတ်တော်လုပ်ငန်းစဉ်တွေထဲက အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာပါ။ အမတ်တွေ တင်ပြလာတဲ့ အချက်တွေအပေါ် အခြေခံပြီး တိုင်းအစိုးရ အဖွဲ့နဲ့ ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်။ အထူးသဖြင့် တိုင်းလွှတ်တော် ကော်မတီတွေက သုံးသပ်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကို အစိုးရထံပေးပို့ဖို့ ရှိပါတယ်။”ဟု မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးဇော်မျိုးဝင်းက ပြောသည်။


မကွေးတိုင်းအတွင်းအကောင်အထည်ဖော်နေသည့် စီမံကိန်းလုပ်ငန်းများကို အရည်အသွေးညံ့အောင် လုပ်ကိုင်သည့် ကုမ္ပဏီများစာရင်းကို လွတ်တော်အမတ်များထံမှ ရရှိလာပါက ယင်းကုမ္ပဏီများကို ဖိတ်ကြားပြီး မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် အဖွဲ့က တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
“နဂိုက ကွင်းဆင်းလေ့လာထားတာတွေရှိတယ်။ တင်ဒါယူလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်အပေါ်  ကောင်း၊ သင့်၊ ညံ့ ဆိုတဲ့ ပုံစံမျိုးမှတ်ချက်တွေ ကျွန်တော်တို့က ပေးရမှာ။ တချို့အဆောက်အဦးတွေဆို အက်ရာတွေ ပေါ်နေတာ၊ တစ်ချို့ကုမ္ပဏီတွေက လျော့ရဲတာရှိတာပေါ့။”ဟု အောင်လံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်၊၊
မကွေးတိုင်းဒေသကြီး လွှတ်တော်ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီကလည်း အဆိုပါ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ သုံးသပ်ထားသည့် အစီရင်ခံစာ တစ်စောင်ကို ဇွန်လအတွင်း ပြုလုပ်မည့် တိုင်းလွတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဟု တိုင်းလွှတ်တော် ဒုတိယ ဥက္ကဌ ဦးဇော်မျိုးဝင်းထံက သိရသည်။

Leave a Reply