News Federal Times

မင်းပြား၊ မေလ(၁၅)ရက် ။       ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် မတ်လလယ်မှစတင်ကာ သောက်သုံးရေအတွက် အားထားနေရသည့် ရေကန်များမှာ နေပူချိန်မြင့်တက်မှုကြောင့် ရေခမ်းခြောက်မူ မြန်ဆန်လာသဖြင့် သောက်သုံးရေရှားပါမူဖြင့်  ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပေါက်တောမြို့ပေါ် ရပ်ကွက်များ အပါအဝင် အရှေ့ဖရုံကာကျွန်း၊ အလယ်ဖရုံကာကျွန်းနှင့် အနောက်ဖရုံကာ ကျွန်းစသည့် ကျွန်း(၃)ခုရှိ ကျေးရွာပေါင်း(၁၀၀)နီးပါး သောက်သုံးရေးရှားပါးမူ ကြုံတွေ့လျှက်ရှိရာ ရေအနည်း ငယ်ကျန်သည့် ရေကန်များမှ ရေကို ဒေသခံများ မျှဝေသုံးစွဲနေကြရကြောင်း သိရသည်။
“ပေါက်တောမြို့နယ်က တချို့နေရာတွေမှာ ရေတစ်အိုးအတွက် တစ်ရက်လုံး သွားခပ်ကြရတယ်။ မြို့ပေါ်မှာ လည်း အားထားရတဲ့ ရေကန်တွေ ရေလုံးဝခမ်းခြောက်သွားပါပြီ။ ရေကန် (၂)ကန်မှာပဲ ရေနည်းနည်း ကျန်တော့ တယ်။ အခုမြို့ပေါ်က လူတွေ အဝေးက သွားခပ်နေရတယ်။ ရေကို မျှပြီး သုံးနေကြရတယ်။ အခက်အခဲတွေ အမျိုးမျိုး ကြုံတွေ့နေကြရတယ်။ လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့အစည်းကမှ ကူညီပေးတာမျိုး မရှိသေး ပါဘူး။” ဟု ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွေး ကပြောသည်။


ပေါက်တောမြို့ပေါ်တွင် သောက်သုံးရေအတွက် အဓိကအားထားနေရသည့် ရေကန်ကြီး (၅)ကန်ရှိရာ ရေကန် (၃)ကန်သည် ရေခမ်းခြောက်သွားပြီဖြစ်ကာ ကျန်ရေကန်(၂)ကန်သည်လည်း ခမ်းခြောက်မူ မြန်ဆန်လျှက်ရှိ နေကြောင်း သိရသည်။
“ရွာမှာ ရေကန်တွေ ခမ်းခြောက်သွားပါပြီ။ ရေကန်ထဲမှာ တူးထားတဲ့တွင်းက ရေကိုပဲ အားလုံးက စောင့်ပြီး ခပ်ယူနေရတယ်။ လူတစ်ယောက်က ရေတစ်အိုးအတွက် မနက် (၇)နာရီကနေ ညနေ(၃)နာရီအထိ စောင့်ကြ ရတယ်။ ရွာသားတွေအားလုံး အလှည့်ကျ စောင့်ခပ်နေရတယ်။ ကျွန်မတို့ရေအကူအညီလိုနေပါတယ်။“ ဟု အလယ်ဖရုံကာကျွန်းပေါ်ရှိ ဖဒူချေကျေးရွာမှ ဒေါ်သန်းရီကပြောသည်။
ပေါက်တောမြို့နယ်သည် နွေရာသီရောက်တိုင်း ရေရှားပါမူဒဏ် ကြုံတွေ့နေရကာ အထူးသဖြင့် ပင်လယ်နှင့် နီးစပ်ရာနေရာများတွင် မြေအောက်ရေချို မထွက်ရှိခြင်းကြောင့် ရေကန်များကိုသာ အားထားနေရကြောင်း သိရသည်။

MMK

Leave a Reply