News Federal Times

ရန်ကုန် မေလ(၁၅)ရက် ။       ။ ဗီယက်နမ်နိုင်ငံ Cantho University နှင့် မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ငါးရှဉ့်စမ်းသပ်မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။
မြန်မာနိုင်ငံ၌ ငါးရှဉ့်သားပေါက်ခြင်း လုပ်ငန်း ပြုစုရှောက်ခြင်းလုပ်ငန်းနှင့် မွေးမြူခြင်းလုပ်ငန်းများအတွက် နည်းပညာသင်တန်းကိုလည်း သင်ကြားပို့ချ ပေးနိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်နေတဲ့ ဗီယက်နမ် Cantho University ရဲ့ သုတေသနဖွံ့ဖြိုးရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ ဒီကလည်းသင်တန်းသားတွေ စေလွှတ်မယ်။ ဒီမှာလည်း စံပြနမူနာ သားဖောက် စခန်း လုပ်ပြီးတော့ သူတို့ဆီက ပညာရှင်ခေါ်ပြီးတော့ လုပ်ငန်းရှင်တွေ ဝါသနာပါတဲ့သူတွေ စိတ်ဝင်စားသူတွေကို သင်တန်းပို့ချပေးမယ်။”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဟန်ထွန်းက ပြောသည်။
Cantho Unviersity မှ ငါးရှဉ့်သားဖောက်မွေးမြူ ရေးသင်တန်းအပြင် တိုင်းရင်းငါးမျိုးများဖြစ်သည့် ငါးရံ့နှင့် ငါးပြေမမျိုးစိတ်ကို သားဖောက်နည်း သင်တန်းပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် နည်းပညာ သင်တန်းပေးရန် Cantho Unviersity မှ ပညာရှင်နှစ်ဦး လာရောက်ပို့ချပေးမည်ဖြစ်ပြီး ပညာရှင်များ၏ ကုန်ကျစရိတ်အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်၍  ဗီယက်နမ်နိုင်ငံ၌ သင်ကြားပေးမည့် တစ်လကြာ သင်တန်းအတွက် ဒေါ်လာ ၁၅၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။


“ကျွန်မ ငါးရှဉ့်ဒိုင်တွေမှာ သွားကြည့်တဲ့ အခါ Size က တော်တော်လေးကို သေးပါတယ်။ ၃.၅ လောက်ပဲ ရှိတယ်။ ၇ လောက်ချတာတောင် သေးပါတယ်။ ငါးရှဉ့်ကို လွန်ခဲ့တဲ့လေးငါးနှစ်က တန်ချိန် ၁၂၀၀၀  လောက်  ပို့ပါတယ်။ အခုဆိုရင် တန်ချိန် ၇၀၀၀ ကျော်လောက်ပဲရှိတယ်။ တန်ချိန် ၅၀၀၀ လောက်ကျသွားတယ်ဆိုတာ နည်းတာ မဟုတ်ဘူး။ ဒီလိုပဲ ဆက်ဖမ်းသွားမယ်ဆိုရင် ငါးရှဉ့်မျိုး ပြုန်းသွားမယ်။ ဒါကို ကျွန်မတို့ မွေးမြူဖို့ အတွက် နည်းပညာမရှိဘူး။ နည်းပညာရှိတဲ့ဆီမှာ လေ့လာရမယ်။ သူတို့က ပြောပါတယ်။ လေးပိုင်းနဲ့ ငါးလပိုင်း မှာ တစ်ခေါက်မျိုးအောင်ပါတယ်။ ရှစ်လပိုင်းနဲ့ ကိုးလပိုင်းမှာ တစ်ခေါက်မျိုးအောင်ပါတယ်။ ဘယ်အချိန်မှာ သား ဖောက်သင့်လည်းဆိုတော့ ရှစ်လပိုင်းနဲ့ ကိုးလပိုင်းမှာ ဖောက်သင့်တယ်လို့ သူတို့က ပြောတဲ့အတွက် ဒီနှစ်ထဲမှာ စမ်းသပ်သားဖောက်သွားမယ်။”ဟု မြန်မာ နိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဥက္က္တဋ္ဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ သဘာဝသယံဇာ တအလျောက်ဖမ်းဆီးရရှိသည့် ငါးရှဉ့်  များကို တရုတ်ဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး သဘာဝအလျောက်ဖမ်းဆီးရမိသည့် ငါးရှဉ့်များရှားပါးလာခြင်း ပြည်ပတင်ပို့ရာတွင် အရွယ်အစားမ တူညီခြင်း၊ အသေအပျောက်များပြားခြင်းကြောင့် ဈေးကွက်သို့အမြန်ဆုံး တင်ပို့ရောင်းချ ရကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့ ငါးရှဉ့်တင်ပို့ရာ၌ ယခင်က နှစ်စဉ် ငါးရှဉ့်တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုအခါ နှစ်စဉ် ငါးရှဉ့်တန်ချိန် ၅၀၀၀ ဝန်းကျင်သာ တင်ပို့နိုင်ကာ ရေရှည် ငါးရှဉ့်လုပ်ငန်းတည်တံ့နိုင်ရန် ငါးရှဉ့်သားဖောက်၍ တင်ပို့ရမည်ဖြစ်သလို ဈေးကွက်ဝင် ငါးရှဉ့်များ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply