News Federal Times

ရန်ကုန်၊ မေ (၂၂) ရက်။       ။ ရန်ကုန်မြို့ပတ်ရထားများတွင် ရထားအချက်ပြစနစ်ချို့ယွင်းပြီး ရထားအချိန်နောက်ကျမှုများကြောင့်  နေ့စဉ်စီးနင်းသူအရေအတွက်သည် မေလအတွင်း ယခင်လများထက် အနည်းငယ် လျော့ကျလာကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်းအမှတ်(၇)သွားလာရေးဌာနမှ သိရှိရသည်။
“အခုလတွေမှာ မြို့ပတ်ရထားစီးခရီးသည်အရေအတွက်က လျော့သွားတယ်။ ကားတွေ ပြန်စီးလာကြတာ များတယ်။ တစ်သောင်းလောက်တော့ မလျော့ပါဘူး။ အနည်းငယ်လောက်ပါပဲ။”ဟု မြန်မာ့မီးရထားလုပ်ငန်း တိုင်းအမှတ်(၇)သွားလာရေးဌာနမှ မန်နေဂျာ ဦးဇော်လွင်ကပြောသည်။
၂၀၁၆ ခုနှစ်က နေ့စဉ်မြို့ပတ်ရထားစီးနင်းသည့် ခရီးသွားအရေအတွက်သည် တစ်ရက်လျှင် ခုနှစ်သောင်းခန့် ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလအထိ တစ်ရက်လျှင် စီးနင်းသူ ကိုးသောင်းကျော်သို့ တိုးတက် ခဲ့လာပြီး မေလအတွင်း တစ်ရက်လျှင် ရှစ်သောင်းကျော်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။


ပြည်သူများအနေဖြင့် YBS စနစ်ပေါ်လာသော်လည်း ကားမှတ်တိုင်ဝေးခြင်း၊ စီးနှင်းရမည့်မှတ်တိုင် မသိခြင်းများ ကြောင့် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာသည့်ရထားကို အားထားစီးနင်းသူများလာပြီး မေလအတွင်း ရထားအချိန်နောက်ကျမှုများကြောင့် လိုင်းကားပြန်လည်စီးနင်းသူများလာကြောင်း ရန်ကုန်မြို့တွင်း သွားလာ သူများထံမှ သိရသည်။
“မေ ၁၇ ရက်က ရထားလမ်းအချက်ပြစနစ်တွေချို့ယွင်းလို့ လမ်းမတော်မရောက်ခင် ဘူတာမှာ ရထားက ရပ်သွားတယ်။ တော်တော်ကြာ ဘာမှလာမပြောဘူး။ နောက်မှ ရှေ့ရထားပြောင်းစီးဖို့ ရဲတစ်ယောက်လာပြော တယ်။ အဲ့အချိန် ရထားသံလမ်းမှာ ရေကဒူးလယ်လောက်ရှိတယ်။ ကလေးတွေရော၊ အဖွားကြီးတွေရော ဆင်း လျှောက်ရတယ်။ နောက် လမ်းမတော်ဘူတာရုံပိုင်မေးလည်း ဘာမှမဖြေနိုင်ဘူး။ တကယ်ဆို သတင်းအတိအ ကျပြောသင့်တာပေါ့။ အဲ့မှာ ခရီးသည်တွေကပုံလို့။”ဟု သာကေတမြို့နယ်နေ ဒေါ်အေးမြင့်ကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားများကို နေ့စဉ်တွဲဆိုင်း(၂၃)ဆိုင်းဖြင့် ရထားအခေါက်ရေပေါင်း(၂၁၅)ခေါက် ပြေးဆွဲနေကြောင်း သိရသည်။

MMK

 

Leave a Reply