News Federal Times

ရန်ကုန်၊ မေ ၂၂ ရက် ။       ။ မြန်မာ့ရိုးရာပွဲတော်များအနက်မှ တစ်ခုဖြစ်သော ကျီးမနိုးည(သူခိုးကြီးည)ကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းဇာတ်ကားကို ဇွန် ၁၀ ရက်မှစတင်၍ ပုပ္ပား၌ ရိုက်ကူးသွားမည်ဖြစ်ကြောင်း ရိုက်ကူးမည့် ဒါရိုက်တာ ရာဇဝင်ကိုထံမှ သိရသည်။
“ဒီကားက ကျွန်တော်တို့မြန်မာ့ရိုးရာဖြစ်တဲ့ သူခိုးကြီးည၊ ကျီးမနိုးညကို အခြေခံပြီး ရိုက်မယ့်ဇာတ်ကားပါ။ ကျေး လက်ဟာသဇာတ်လမ်းလေးပါပဲ။ ရွာမှာရှိတဲ့ ရွာသူ၊ ရွာသားတွေက ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်း နှစ်ခြမ်းကွဲ နေကြတယ်။ တစ်ခြမ်းနဲ့တစ်ခြမ်း မတည့်ကြဘူး။ ဒါပေမဲ့ တစ်ရွာလုံးက သူခိုးကြီးညကို အလေးထားကြတယ်။ သူခိုးကြီးညကို ရောက်ပြီဆိုတာနဲ့ ဟိုဖက်နဲ့ဒီဖက် ပစ္စည်းခိုးပြိုင်ကြတယ်။ ဇာတ်လမ်းကျောရိုးက အဲဒါပါပဲ”ဟု ဒါရိုက်တာ ရာဇဝင်ကိုကပြောသည်။


အဆိုပါဇာတ်ကားတွင်ပါဝင်သည့် အမျိုးသမီးသရုပ်ဆောင်နှစ်ဦးလုံးမှာ အရူး ဇာတ်ရုပ်နေရာမှ သရုပ်ဆောင် ရမည်ဖြစ်သောကြောင့် ဇာတ်ရုပ်အနေအထားနှင့် လိုက်ဖက်အောင် အတတ်နိုင်ဆုံးပြင်ဆင်ထားကြောင်း ပါဝင်မည့် သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောသည်။
“ဒီကားမှာ ညီမရယ်၊ မခိုင်လေးရယ် နှစ်ယောက်လုံးက အရူးမပုံစံမျိုးတွေသရုပ်ဆောင်ရမှာပါ။ ယဉ်ယဉ်လေးရူး နေတဲ့ပုံစံမျိုး မဟုတ်ဘူး။ လုံးဝ သွက်သွက်ခါရူးနေတဲ့ပုံစံမျိုးပါ။ အဲဒီအတွက်လည်း အဝတ်အစားပိုင်းနဲ့ မျက်နှာ အမူအရာပိုင်းကအစ သေချာလေးပြင်ဆင်သွားမှာပါ။”ဟု ပိုင်ဖြိုးသု ကပြောသည်။
ပါဝါကင်းထုတ်လုပ်ရေးမှ ရိုက်ကူးမည့် အဆိုပါ ဇာတ်ကားနာမည်ကို ကျီးမနိုးရွာဟု အမည်ပေးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာရာဇဝင်ကိုနှင့် မင်းတော်ဝင်တို့မှ ရေးသားပေးထားကြောင်း သိရသည်။
ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်များမှာ လူမင်း၊ ဇေရဲထက်၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသု၊ ဝါဝါအောင်နှင့် အခြားသရုပ်ဆောင်များစွာဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply