News Federal Times

ရန်ကုန်၊ မေ (၂၂)ရက်။      ။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်စားသောက်နိုင်ရန် သန့်ရှင်းလတ်ဆတ်ပြီး ဝန်ဆောင်မှုများ ကောင်းမွန်ကြောင်း ထောက်ခံပေးမည့် အသိအမှတ်ပြုတံဆိပ်များကို မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ၂၀၁၇ ခုနှစ်တွင်းထုတ်ပေးနိုင်ရန်စီစဉ်နေကြောင်း သိရှိရသည်။
“နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာလာရောက်စားသောက်တဲ့အခါ ရတယ် ဒီဆိုင်ကို ကျွန်တော်တို့စစ်ထားတယ် ဆိုတဲ့တံဆိပ်တွေ လုပ်ထားတာရှိတယ်။ တံဆိပ်ကပ်မယ်ဆိုရင် ကျွန်တော်တို့သတ်မှတ်ထားတဲ့အရည်အချင်း တွေ၊ အချက်အလက်တွေ လိုက်နာတဲ့ဆိုင်ဖြစ်ရမယ်။”ဟု မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနေလင်းက ပြောသည်။
ဆိုင်များသည် ချက်ပြုတ်မှုတွင် သန့်ရှင်းလတ်ဆတ်မှုရှိရမည်ဖြစ်ပြီး အသားငါးများကိုလည်း ပိုးမွှားမပေါက်ပွား ရန်နှင့် စားသုံးသူများကို ဝန်ဆောင်မှုကောင်းများပေးခြင်းအစရှိသည့် အချက်များပေါ်မူတည်ကာ အသိအမှတ် ပြု တံဆိပ်ထုတ်ပေးမည်ဖြစ်ကြောင်း ဦးနေလင်းက ဆက်ပြောသည်။


အဆိုပါ အသိအမှတ်ပြု တံဆိပ်ထုတ်ပေးရာတွင် သတ်မှတ်စည်းကမ်းချက်များမှာ နိုင်ငံတကာ စံချိန်စံနှုန်း သတ်မှတ်ချက်များအတိုင်း ရေးဆွဲထားခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည့် အချက်များကိုလည်း အခြေခံထားကြောင်း သိရသည်။
“အစိုးရဖက်ကနေ သတ်မှတ်ချက်တွေ လုပ်ပေးရင်တော့ကောင်းတယ်။ နိုင်ငံတကာမှာတော့ စားသောက်ဆိုင် တွေမှာ သန့်ရှင်းလတ်ဆတ်ကြောင်း အာမခံတဲ့ အသိအမှတ်ပြုလက်မှတ်တွေ အစိုးရကထုတ်ပေးထားတယ်။ ခရီးသွားဧည့်သည့်တွေကလည်း အဲဒါကိုကြည့်ပြီးစိတ်ဝင်စားကြတယ်။”ဟု တက်ဒီရေ ခရီးသွားလုပ်ငန်းမှ ဒေါ် အေးသီတာက ပြောသည်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှထုတ်ပေးမည့် အသိအမှတ်ပြုလက်မှတ် ထုတ်ယူလိုသည့် ဆိုင်များအနေဖြင့် အသင်းသို့ဆက်သွယ်နိုင်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးခံရမည်ဖြစ် သည့်အပြင် လက်မှတ်ထုတ်ပြီးနောက်တွင်လည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

MMK

Leave a Reply