News Federal Times

ရန်ကုန်၊ မေ (၂၂)ရက်။       ။ပြည်တွင်းရှိ ဈေးဝယ်စင်တာများ၊ ကုမ္ပဏီများနှင့် စတိုးဆိုင်များတွင် တရားမဝင် ကုန်ပစ္စည်းတင်သွင်းရောင်းချ နေခြင်းများကို စိစစ်တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကို တရားဥပဒေဘောင်အတွင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ရေး၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများကို အခြားပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်ရပ်တည်နိုင်ရေးတို့ကို အဓိကရည်ရွယ်၍ ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
“ပြည်တွင်းမှာရှိတဲ့ စင်တာတွေ၊ ကုမ္ပဏီတွေနဲ့ စတိုးဆိုင်တွေမှာ တရားမဝင်တဲ့ ကုန်စည်တွေ တင်သွင်းနေမယ် ဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပိတ်ပိတ်ရမှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်အကန့်အသတ်နဲ့ တိုင်းတာပြီး တော့ ခွင့်ပြုပေးထားတာပါ။ ကာလသက်မှတ်ချက် တစ်ခုရောက်ရင် သက်ဆိုင်ရာလုပ်ငန်းတွေ ကုမ္ပဏီတွေ စတိုးဆိုင်တွေမှာ တရားမဝင်ကုန်စည်တင်သွင်းရောင်းချမှုနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ ဆောင်ရွက်ချက်တခု လုပ်ပါမယ်။” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ မေလ(၂၀)ရက်က ကျင်းပြုလုပ်သည့် ဆဌမအကြိမ်  နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


“အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ပစ္စည်းတွေ ဝယ်တင်သွင်းပြီးတော့ ပြည်တွင်းဈေးကွက်မှာ အကန့်အကတ် မရှိရောင်းချင်တိုင်း ရောင်းနေမယ့်အစား ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ လုပ်ရမယ်။ ပြည်တွင်းမှာ တိုးတက် မှုနည်းတဲ့အတွက် အရာရာလိုအပ်ချက်တွေ ရှိပါတယ်။ အဲ့တော့ ဝယ်ရောင်းမလုပ်ပဲနဲ့ ထုတ်လုပ်နိုင်အောင် စဉ်းစားရမယ်။ ဒီအတိုင်းဆိုရင် တိုးတက်စရာ အကြောင်း မရှိဘူး။ ပြည်တွင်းက အသေးစားလုပ်ငန်းတွေကို ဖွံ့ဖြိုးအောင် လုပ်မယ်။ လုပ်တဲ့အခါကျရင် သွင်းကုန်အစားထိုးမယ့် လုပ်ငန်းရှင်တွေအတွက်ကို အထူးဦးစား ပေးပြီးတော့ ပံ့ပိုးမှုတွေ ဆောင်ရွက်ပေးပါ့မယ်။ ပံ့ပိုးမှုပေးတဲ့ အခါမှာလည်း တကယ့်ကို လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လုပ်ငန်းရှင်တွေကိုပဲ ပေးမယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆက်ပြောသည်။
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို ၂၀၁၇ ခုနှစ်အတွင်း ပံ့ပိုးသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များကို မြေနေရာအပါ အဝင်၊ ငွေကြေးနှင့် နည်းပညာများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply