News Federal Times

ရန်ကုန်၊ မေ ၂၃ ရက် ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်ရာတွင် လှိုင်သာယာစက်မှုဇုန် (၁)ကို စမ်းသပ်စီမံကိန်းအဖြစ် အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
စက်မှုဇုန်များ အဆင့်မြှင့်တင်ရာတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီး၊ အခြေခံအဆောက်အဦး၊ ရေဆိုး ထုတ်လုပ်ခြင်း၊ ရေကောင်းရေသန့်ရရှိရေးစသည့် အချက်များကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“စက်မှုဇုန်နဲ့ ကျူးကျော်ဟာ ဆက်စပ်နေတဲ့အတွက် ကျူးကျော်တွေ နေရာချထားနိုင်ရေးကိုလည်း လုပ်ဆောင် သွားပါမယ်။ ဒါတွေရှင်းလင်းနိုင်မှ စက်မှုဇုန်တွေရဲ့အဆင့်မြှင့်တင်ရေးကလည်း အောင်မြင်သွားမှာဖြစ်ပါတယ်။ မဟုတ်ရင် မီးဘေးကအစ အခက်အခဲရှိပါတယ်။ လုပ်ငန်းရှင်တွေလည်း ကျူးကျော်မှုတွေရှိတယ်။ လမ်းပေါ်ကို ကျူးကျော်တာမှန်သမျှအကုန်လုံးကို စည်ပင်ကနေသိမ်းပါမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကအချက်ဖြစ်သည့့် လျှပ်စစ်လုံလောက်စွာရရှိနိုင်ရေးလုပ်ဆောင်ရာ၌ လိုအပ်ပါက စက်မှုဇုန်အတွင်း အသေးစားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ဆောင်ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး ရေကောင်းရေသန့်ရရှိနိုင်ရေးအတွက်လည်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရေအရင်းမြစ်များမှ ရေသန့် ရရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


“ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောသွားတာ အရမ်းကိုအားရကျေနပ်ပါတယ်။ ဒါတွေကို တိတိကျကျမြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းငယ်တွေ တိုးတက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း ဒီကိစ္စတွေကို ဝိုင်းဝန်းဆောင်ရွက်ပါမယ်။”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်(၂၉)ဇုန်ရှိရာ လှိုင်သာယာစက်မှုဇုန်(၁)ကို အဆင့်မြှင့်တင်လုပ်ဆောင် ခြင်း အောင်မြင်ပါက ကျန်စက်မှုဇုန်များအား ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်များကို ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply