News Federal Times

ဝေါ၊ မေ ၂၃ ရက် ။       ။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာ၏ ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ပွဲကို မေ ၂၃ ရက်တွင် ကျေးရွာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဗျားဘိုတဲကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ပွဲ ပထမအကြိမ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစီး၍ ရွေးချယ်ခဲ့ရာ အိမ်ထောင်စုကိုယ်စားလှယ်(၅၆၆)ဦးအနက် (၇၀)ဦးသာ ဆန္ဒမဲ ပေးရန်တက်ရောက်ခဲ့သဖြင့် အဆိုပါ ရွေးချယ်မှုအား တိုင်းဒေသကြီးအစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
“ယခင်အုပ်ချုပ်ရေးမှူးဟောင်းက တိုင်ကြားစာကြောင့် တာဝန်မှရပ်စဲခြင်းခံခဲ့ရတယ်။ ဒါကို ကျေးရွာမှာ အုပ်ချုပ် ရေးမှူးအသစ် ပြန်လည်ရွေးချယ်ပေးတာကို ရွာသားတွေက (၈)ရာခိုင်နှုန်းလောက်ပဲ တက်ရောက်ဆန္ဒမဲပေးခဲ့ တယ်။ ကျေးရွာမှာက အုပ်စုတွေကွဲနေတယ်။ ရွေးချယ်ပွဲကိုတက်ရောက်တဲ့ရွာသား အင်အားနည်းတဲ့အတွက် တိုင်းဒေသကြီးအစိုးရက ရွေးချယ်တဲ့သူကိုပယ်ဖျက်ခဲ့တယ်။ အခုလည်း တိုင်းဒေသကြီးအစိုးရရဲ့ညွှန်ကြားချက် နဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးပြီးဆောင်ရွက်စေတာပါ။”ဟု ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းက ပြောသည်။


ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် ၃၈၆/၂၀၁၂၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ် ရေးဥပဒေတွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်တာဝန်ထမ်းဆောင်ရမည်ဟု ဖော်ပြပါရှိပြီး၊ လက်ရှိမြို့နယ်ကော်မရှင်အဖွဲ့မှ ကြီးကြပ်တာဝန်ပေးအပ်ခံရ ခြင်းသည် တိုင်းဒေသကြီးအစိုးရ၏ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမအကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတုန်းက ရွာသားအများစုက ရွေးချယ်ပွဲကိုမတက်တာက သူတို့ မယုံကြည်တဲ့အဖွဲ့က ဦးဆောင်ပြီးဆောင်ရွက်နေတာကို မျှတမှုမရှိနိုင်ဘူးထင်ပြီး၊ ရွာသားတွေမလာကြတာပါ။ အခုရွေးချယ်ပွဲကတော့ တရားမျှတမယ်ထင်လို့ ရွာသားအများစုက ဆန္ဒမဲလာရောက်ထည့်ပေးတာပါ။”ဟု အဗျားဘိုတဲကျေးရွာသားတစ်ဦးကပြောသည်။
အဗျားဘိုတဲကျေးရွာ၏ ဒုတိယအကြိမ်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲသို့ အိမ်ထောင်စုကိုယ်စားလှယ်(၅၆၆) ဦးအနက် (၄၀၀)ဦးခန့်တက်ရောက်ခဲ့သဖြင့် ဆန္ဒမဲ(၅၀)ရာခိုင်နှုန်းကျော်လွန်သောကြောင့် အုပ်ချုပ်ရေးမှူး အသစ်အား ရွေးချယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

==

MMK

Leave a Reply