News Federal Times

ရန်ကုန်၊ မေ ၃၀ ။       ။ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ အကျိုးတူလယ်ယာစနစ်ဖော်ဆောင် မည့် လယ်မြေများမှ ထွက်ရှိသည့် စပါးများကို တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းနှုန်းဖြင့် စာချုပ်ချုပ်ဆို ရောင်း ဝယ်နိုင်ရန် ညှိနှိုင်းပေးခဲ့ကြောင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ မြင့်စိုးထံမှ သိရှိရသည်။
အဆိုပါမြို့နယ်သုံးခုတွင် ဆန်စပါးကုန်သည်ကြီးများနှင့် ဒေသခံတောင်သူများ ပူးပေါင်းကာ အကျိုးတူလယ်ယာ စနစ်ကို ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှ စတင်၍ ဖော်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ဝင်မျိုးစပါးများ ထွက်ရှိနိုင်ရန်နှင့် ဈေးကွက်အာမခံချက်ရှိစေရန် ထွက်ရှိလာသည့်စပါးများကို ဆန်ကုန်သည်ကြီးများအသင်းက စာချုပ်ချုပ်ဆိုဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“မျိုးစပါးက တစ်ဧကကို တစ်တင်းခွဲနှုန်းသတ်မှတ်ပြီးထုတ်ပေးမယ်။ စိုက်စရိတ်လည်း တစ်ဧကကို တစ်သိန်းခွဲ လောက် စိုက်ထုတ်ပေးထားမယ်ဆိုတော့ သွင်းအားစုတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ မြေသြဇာတွေလည်း ပါမယ်ဆို တစ်ဧကကို နှစ်သိန်းလောက်စိုက်ထုတ်ပေးမယ့်သဘောပေါ့။ အတိုးမယူဘူး။ စပါးထွက်လာတဲ့အခါ ခြောက် သိန်းဈေးနဲ့ ထွက်သမျှကို ကုန်သည်တွေက ဝယ်ယူပေးရန်ဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အချိန်ရောက်ရင် ခြွေလှေ့ စက်တွေ ကူညီပေးမယ်။“ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်စိုးက ပြောသည်။


မိုးစပါးရာသီတွင် သုံးခွမြို့နယ်၌ ဧက(၁၅၀၀)၊ ခရမ်းမြို့နယ်တွင် ဧက(၈၀၀)၊ ကျောက်တန်းမြို့နယ်တွင် ဧက (၇၀၀)ကို စမ်းသပ်စိုက်ပျိုးမည်ဖြစ်ပြီး ဈေးကွက်အာမခံရရှိစေရန်၊ အထွက်နှုန်းကောင်းစေရန်၊ နိုင်ငံတကာအ ဆင့်မီ စပါးမျိုးကောင်းများထွက်ရှိစေရန် ဆန်ကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း ဦးရဲမြင့်စိုးက ဆက်ပြောသည်။
“တချို့လယ်တွေက ရေနက်ကွင်းဘက်ရောက်တော့ စိုက်မရတာရှိတယ်။ သူတို့ကတော့ သက်ရင့်ရော၊ သက်နု မျိုးစပါးပါ ထုတ်ပေးမယ်ဆိုတော့ အဆင်ပြေတာပေါ့။ မနှစ်ကတော့ စပါးဈေးအနှိမ်ခံရတယ်။ လေးသိန်းရှစ် သောင်းဝန်းကျင်ပဲရခဲ့တာ။ အခုဒီလယ်ကို သူတို့ထုတ်ပေးတဲ့မျိုးစပါးနဲ့စိုက်၊ ထွက်ရင် ဒီဈေးနဲ့ စာချုပ်ချုပ်ဝယ် မယ်ဆို ကျွန်တော်တို့ဖက်ကလည်း လုပ်ဖို့စိတ်အားထက်သန်ပါတယ်။“ဟု သုံးခွမြို့နယ်မှလယ်သမား ဦးခင်မောင်သန်းကပြောသည်။
အဆိုပါ လယ်မြေများတွင် စိုက်ပျိုးရန် မျိုးစပါးများကို မေ ၂၉ ရက်မှ စတင်ကာ ဆန်ကုန်သည်ကြီးများ အသင်းက ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply